ဒစ်ဂျစ်တယ်မီဒီယာလုပ်ငန်း တစ်ခေတ် ဆန်းလာတော့မလား

ဒစ်ဂျစ်တယ်မီဒီယာလုပ်ငန်း တစ်ခေတ် ဆန်းလာတော့မလား

စစ်တမ်းတွေအရ အင်္ဂလန်နဲ့ အမေရိကန်နိုင်ငံတွေမှာ ရုပ်မြင်သံကြားကြည့်ရှုသူ လျော့ပါးလာနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်အလွန်ကစပြီး ရုပ်မြင်သံကြားကြည့်သူ အရေအတွက် ၃ ရာခိုင်နှုန်းလောက် မှန်မှန် ကျဆင်းနေတာကို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ တွေ့ရတဲ့ အနေအထားဖြစ်ပါတယ်။

၂၀၀၀ ပြည့်နှစ်အလွန်ကာလတွေရဲ့ အခြေအနေကို ပြန်ကောက်ရရင် ပုံနှိပ်မီဒီယာဖြစ်တဲ့ သတင်းစာ ထုတ်လုပ်မှု ကျဆင်းသွားတဲ့အတိုင်းပဲ ရုပ်မြင်သံကြားကြည့်သူ လျော့နည်းသွားတဲ့ အခြေအနေဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေရဲ့ သတင်းစာတိုက်ကြီးတွေဟာ ဒီအခြေအနေတွေကို အချိန်မီ ထိန်းသိမ်းနိုင်ဖို့ သတင်းစာ ထုတ်လုပ်မှုရပ်ဆိုင်းတာ ဒါမှမဟုတ် သတင်းစာ ထုတ်ဝေတဲ့စောင်ရေ လျော့ချပြီး ဒစ်ဂျစ်တယ် မီဒီယာ လုပ်ငန်းဆီ ရှေ့ဆက် ချီတက်လာကြတာ တွေ့ရမှာဖြစ်ပါတယ်။

အင်နာနက်အခြေပြု ဒစ်ဂျစ်တယ်မီဒီယာ လုပ်ငန်းဆီ မီဒီယာ ကုမ္ပဏီကြီးတွေ ခြေဦးလှည့်ခဲ့တာဟာ တစ်ကယ်တော့ မဆန်းပါဘူး။ အကြောင်းကတော့ သတင်းစာထုတ်လုပ်မှုဟာ ကုန်ကျစရိတ်နဲ့ အချိန်အရင်းအနှီး အလွန်ကြီးပြီး ထိရောက်ပြန့်နှံ့မှုမှာတော့ တိုက်ရိုက် အချိုးကျတဲ့ အခြေအနေမဟုတ်ပါဘူး။ အလားတူပဲ ရုပ်မြင်သံကြား လုပ်ငန်းဟာလည်း ထုတ်လုပ်သူအတွက် အရင်းအနှီးများသလို ကြည့်ရှုသူတွေအတွက်လည်း စက်ပစ္စည်းအပါအဝင် လွှင့်ထုတ်မယ့်အချိန်ကို စောင့်စားရတဲ့ ကရိကထတွေ ရှိနေပါတယ်။

သတင်းစာဖတ်သူနဲ့ ရုပ်မြင်သံကြားကြည့်ရှုသူ အရေအတွက် လျော့နည်းလာတာဟာ ဖေါ်ပြပါ အားနည်းချက်တွေအပြင် ဒစ်ဂျစ်တယ် မီဒီယာရဲ့ ထိုးဖေါက်လာမှုနဲ့ ပြန့်နှံ့မှုအားကြောင်းလည်း ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ် မီဒီယာကတော့ အင်တာနက် ရရှိတဲ့ ကမ္ဘာမြေမည်သည့်နေရာကမဆို မိမိတို့ မီဒီယာက ရိုက်ကူးထုတ်လွှင့်မှုတွေကို ကြည့်နိုင် ဖတ်နိုင်မှာ ဖြစ်တာက ဒစ်ဂျစ်တယ်မီဒီယာရဲ့ အားသာချက် တစ်ခုလို့ ဆိုရမှာပါ။

မီဒီယာတစ်ခု ရှင်သန်ဖို့ ဘဏ္ဍရေးဆိုင်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းရာမှာလည်း ပြန့်နှံ့မှုအားကောင်းပြီး ပျောက်ကွယ်ဖို့ ခက်ခဲတဲ့ ဒစ်ဂျစ်တယ်မီဒီယာကို စီးပွားရေး လုပ်ငန်းရှင်း ကြော်ငြာရှင်တွေ မျက်စေ့ကျလာတာကလည်း ဒစ်ဂျစ်တယ် မီဒီယာရဲ့ အားသာချက် တစ်ခုလို့ ပြောနိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ မီဒီယာအချို့ကတော့ ဒစ်ဂျစ်တယ် မီဒီယာ လုပ်ငန်းဆီ ခြေဦးလှည့်ဖို့ ပြင်နေကြတာကို တွေ့နေရပါတယ်။ ဒစ်ဂျစ်တယ် မီဒီယာလို့ပြောလိုက်ရင် အင်နာနက် အသုံးပြုမှုကိုလည်း ထည့်မပြောလို့မရပါဘူး။ မြန်မာနိုင်ငံရဲ့ အင်တာနက် ခေတ်ဦးဟာ ၂၀၀၀ ခုနှစ်အလွန်မှာမှ စတင်ခဲ့တယ်လို့ ပြောရင်မမှားနိုင်ပါဘူး။ အလွန်နှေးကွေးပြီး ပေးရတာနဲ့ မတန်တဲ့ ဝန်ဆောင်မှုတွေနဲ့ မြန်မာ့ အင်တာနက်ခေတ်ဦးကို ဖြတ်သန်းခဲ့ကြရပါတယ်။

ပြောရရင် မြန်မာ့ အင်တာနက် ခေတ်ဦးဟာ မလှမပနဲ့ တာထွက်လာခဲ့တာပါ။ အင်တာနက် အသုံးပြုဖို့ လူအများစု လက်လှမ်းမမီနိုင်ခဲ့သလို အင်တာနက် သုံးစွဲနိုင်သူတွေအတွက်လည်း ထိုက်တန်တဲ့ ဝန်ဆောင်မှုရဖို့ ခက်ခဲခဲ့တဲ့ အခြေအနေပါပဲ။ ယနေ့အခြေအနေမှာတော့ အရွယ်ရောက်သူ လူတန်းစေ့နီးပါး လက်ကိုင်ဖုန်း ကိုင်လာနိုင်တဲ့ခေတ် ရောက်လာခဲ့ပါပြီ။

ဖုန်းနဲ့ အတူ တစ်ဆက်တည်းပူးတွဲပါလာတာက သက်ဆိုင်ရာ ဆက်သွယ်ရေး အော်ပရေတာက ထောက်ပံ့ပေးတဲ့ အင်တာနက် ဝန်ဆောင်မှုပါ။ စျေးကွက်ထဲက အော်ပရေတာတွေရဲ့ အင်တာနက် ဝန်ဆောင်မှုကိုကြည့်ရင် Ooredoo ရဲ့ ဝန်ဆောင်မှုဟာ အကောင်းဆုံးလို့ဆိုရမှာပါ။ Paung Kuu (ပေါင်းကူး) လို့ အမည်ပေးထားတဲ့ အင်တာနက်ဝန်ဆောင်မှုကို သုံးသပ်ကြည့်ရင် ကျပ်ငွေ တစ်သိန်းအတွက် အင်တာနက် အသုံးပြုခွင့် ပမာဏ 130 GB ပေးထားတာကို အမြင့်ဆုံးတွေ့ရပါတယ်။

ဒီအင်တာနက် အသုံးပြုခွင့်ကို ဝယ်ယူပြီး တစ်လအတွင်း သုံးမကုန်ဘူးဆိုရင်လည်း ကျပ်ငွေ ၁၀၀၀ သာ ကျသင့်မယ့် Paung Kuu ကို ထပ်မံဝယ်ယူပြီး ပြီးခဲ့တဲ့လက သုံးမကုန်ခဲ့တဲ့ အင်တာနက် အသုံးပြုခွင့်ကို ထပ်မံ သက်တမ်းတိုးနိုင်တာမို့ Paung Kuu (ပေါင်းကူး)လို့ နာမည်ပေးထားဟန်ရှိပါတယ်။

ပြန်တွက်ကြည့်ရင် 1MB ကို ရ၇ ပြားသာ ကျသင့်တဲ့ အင်တာနက် အစီအစဉ်လည်းဖြစ်ပါတယ်။ ဒါ့အပြင် အင်တာနက် အမြန်နှုန်းကို ကြည့်မယ်ဆိုရင်လည်း ကမ္ဘာမှာ သုံးနေတဲ့ မြန်နှုန်းမြင့် အင်တာနက် 4G ဖြစ်တာမို့ ဖိုင်ဆိုဒ်ဘယ်လောက်ကြီးကြီး ကြည့်ရှုနိုင် ဖတ်ရှုနိုင်မှာဖြစ်သလို ကိုယ်လိုချင်တဲ့ Apps တွေကိုလည်း လျင်လျင်မြန်မြန်နဲ့ Download ရယူနိုင်ဦးမှာ ဖြစ်ပါတယ်။

ဒါကတော့ မြန်မာ့ အင်တာနက် အခြေအနေကို တစ်စိတ်တစ်ဒေသ တင်ပြခဲ့တာဖြစ်ပါတယ်။ စျေးကွက်မှာ Ooredoo အပြင် အခြား အော်ပရေတာတွေလည်း ရှိနေတာမို့ စျေးကွက် ပြိုင်ဆိုင်မှု ပြင်းထန်လေလေ သုံးစွဲသူတွေအတွက် စျေးနည်းနည်းနဲ့ တန်အောင်သုံးနိုင်မယ့် အင်တာနက် ဝန်ဆောင်မှုတွေလည်း ထပ်မံ ပေါ်ပေါက်လာဦးမှာဖြစ်ပါတယ်။

အချုပ်ဆိုရရင် မြန်မာ့ အင်တာနက်ဟာ တာထွက်မလှခဲ့ပေမယ့် တာဝေးခရီးကိုပြေးဖို့တော့ အဆင်သင့်ဖြစ်ခဲ့ ပြီဆိုတာ သေချာပါတယ်။ ဒါကြောင့် အင်တာနက်အခြေပြု မီဒီယာလုပ်ငန်းဟာလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေနည်းတူ တစ်ခေတ်ဆန်းလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags