ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်အား သြဂုတ်လတွင် တရားရုံးက စီရင်ချက် ချမည်

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်အား သြဂုတ်လတွင် တရားရုံးက စီရင်ချက် ချမည်

ဘန်ကောက်၊ ဇူလိုင် ၂၂ ။                       ။ ဆန်စပါးအမတော်ကြေး အစီအစဉ်တွင် အလွဲသုံးစားပြု ပေါ့ဆသည်ဟု စွဲဆိုထားသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်အား လာမည့်လတွင် စီရင်ချက်ချမည်ဖြစ်ကြောင်း တရားရုံးချုပ်က ဇူလိုင် ၂၁ ရက်တွင် ကြေညာသည်။

စီရင်ချက်အား သြဂုတ်လ ၂၅ ရက်တွင် အမိန့်ချမှတ်မည်ဖြစ်သည်။ အယူခံငြင်းပယ်ထားသည့် ယင်လပ်အနေဖြင့် တရားရုံးက ၄င်းအား အပြစ်ချမှတ်မည်ဆိုပါက ထောင်ဒဏ် ဆယ်နှစ်နှင့် အထက် ရင်ဆိုင်ရနိုင်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်အနေဖြင့် ၂၀၁၅ မေလကစကာ စစ်ဆေးကြားနာနေသည့် ယင်းအမှုအတွက် နောက်ဆုံးထွက်ဆိုချက်အား သြဂုတ် ၁ ရက်တွင် တရားရုံးလာရောက် ထွက်ဆိုပေးရ ဖွယ်ရှိသည်။

ယင်လပ်သည် ဆန်စပါးအမတော်ကြေး အစီအစဉ်တွင် စီမံခန့်ခွဲမှု လွဲမှားခြင်း မဖြစ်အောင် တားဆီးကာကွယ်ရမည့် တာဝန်ကို ပျက်ကွက်သည်ဟု စွပ်စွဲခံရပြီး ယင်းကြောင့် ထိုင်းဘတ်ငွေ ဘီလီယံ ၆၀၀ (အမေရိကန်ဒေါ်လာ ၁၆ ဒဿမ ၈၄ ဘီလီယံ) ဆုံးရှုံးသလို အကျင့်ပျက်ခြစားမှုကို တွန်းအားပေးရာရောက်ကြောင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်က ပြောထားသည်။

ဇူလိုင် ၂၁ ရက်က တရားရုံးကြားနာမှုတွင် ယင်လပ်ရှေ့မှောက်တွင် နောက်ဆုံးတရားခံပြသက်သေ သုံးဦးက စစ်ဆေးခံခဲ့သည်။ တရားရုံးပြင်ဖက်တွင်လည်း ဝန်ကြီးချုပ်ဟောင်း ယင်လပ်အား ထောက်ခံသူ ရာနှင့်ချီကာ လာရောက်ခဲ့ကြသည်။

“ဝန်ကြီးချုပ်ဟောင်း ယင်လပ်အတွက် ကျွန်တော်တို့ ထောက်ခံအားပေးဖို့ လာခဲ့တာပါ။ ထိုင်းမှာကတော့ တရားဥပဒေ ဆိတ်သုဉ်းနေပါပြီ။”ဟု အသက် ၆၀ ရှိ ချိုင်ပြူမန်ထာက အီးပီအေသတင်းဌာနသို့   ပြောခဲ့သည်။

ယင်လပ်သည် ထိုင်းလယ်သမားများကို ကူညီပေးလိုခြင်းသာဖြစ်ပြီး ထိုင်းစစ်အစိုးရကသာ နိုင်ငံကို ဒီမိုကရေစီက ဝေးအောင် ကြိုးစားနေခြင်းဖြစ်ကြောင်း ၄င်းက ပြောခဲ့သည်။

ယင်လပ်အစိုးရ၏ ဆန်စပါးအမတော်ကြေး အစီအစဉ်သည် ထိုင်းလယ်သမားများထံမှ စပါးအား ပေါက်စျေးထက် ပေးဝယ်ကာ လယ်သမားများအား ကူညီထောက်ပံ့မှု စွမ်းဆောင်ခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required