အသင်းမှထွက်ရနိုင်သည်ဟု ဇန်နဝါရီကတည်းက ကော်စတာကို ပြောခဲ့ကြောင်း ကွန်တီဖွင့်ဟ

အသင်းမှထွက်ရနိုင်သည်ဟု ဇန်နဝါရီကတည်းက ကော်စတာကို ပြောခဲ့ကြောင်း ကွန်တီဖွင့်ဟ

ဇူလိုင် ၂၂၊ လန်ဒန်။          ။ အသင်း၏အနာဂါတ်အစီအစဉ်များတွင်ပါဝင်တော့ခြင်းမရှိကြောင်း ကော်စတာကို ဇန်နဝါရီလကတည်းကပြောခဲ့သည်ဟု ချယ်လ်ဆီးနည်းပြကွန်တီက ပြောဆိုလိုက်သည်။

ကော်စတာအနေဖြင့် ချယ်လ်ဆီးအသင်းအတွက်ကစားခွင့်ထိပ်မံပိတ်ပင်ခံရပြီး အသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းခွင့်ပင် ပိတ်ပင်ခံထားရသည်။

ဇန်နဝါရီလက တိုက်စစ်မှူးဒီယေဂိုကော်စတာသည် တရုတ်စူပါလိဂ်သို့ပြောင်းရွှေ့ချင်ခဲ့ရာ ချယ်လ်ဆီးအသင်းမှာ ချန်ပီယံဆု အတွက်ကြိုးပမ်းနေသည့်ကာလဖြစ်သဖြင့်   ကော်စတာကို တားဆီးခဲ့ရသော်လည်း နည်းပြကွန်တီ၏စိတ်တွင်မူ ပြန်လမ်းမရှိတော့ဟု မှတ်ယူထားခဲ့သည်။

“ဇန်နဝါရီတုန်းက ဒီယေဂိုကော်စတာရဲ့အခြေအနေက သိပ်ကိုရှင်းလင်းခဲ့ပါတယ်။ အသင်းအတွက်၊ သူနဲ့ သူ့အေးဂျင့်အတွက်၊ ကျွန်တော့်အတွက် အခြေအနားက သီးခြားဖြစ်သွားခဲ့ပြီ”ဟု ကွန်တီက ရာသီကုန်တွင်တိုက်စစ်မှူးနှင့်အပြန်အလှန် စာပေးပို့ဖူး သည့်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထုတ်ပြောခဲ့သည်။

ကော်စတာသည် စတမ်းဖို့ဒ်ဘရစ်ချ်မှထွက်ချင်သည်ဟု ၁၀ လအတွင်း သုံးကြိမ်ပြောဆိုခဲ့သည်။ ပထမဆုံးအကြိမ်မှာ အသင်းသို့ ကွန်တီရောက်စကဖြစ်ပြီး အမေရိကန်ရာသီကြိုခြေစမ်းခရီးတွင် အသင်းဟောင်းအက်သလက်တီကိုသို့ ပြန်ပြောင်းချင်သည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ကွန်တီသည် ကော်စတာကို အသင်း၏ခြေစမ်းပွဲနှစ်ပွဲတွင် ချန်လှပ်ကာတုန့်ပြန်ခဲ့သည်။

ဒုတိယအကြိမ်မှာ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် တရုတ်ကလပ် တီယန်ကျင်း ကွမ်ကျီအန်အသင်းသို့ပြောင်းချင်ကြောင်း သိသာစေခဲ့ခြင်းဖြစ်ပြီး ရာသီကုန်တွင်လည်း အသင်းမှထွက်ချင်ကြောင်းကို ထပ်မံရှင်းလင်းစေခဲ့ပြန်သည်။

သောကြာနေ့ကလည်း ကွန်တီက “အသင်းမှာဆက်မကစားချင်တဲ့ ကစားသမားတွေအကြောင်းကို မပြောချင်ဘူး။ အားလုံး ပြီးသွားပါပြီ”ဟု ပေကျင်းတွင် ပြောဆိုခဲ့သည်။

ကော်စတာသည်ချယ်လ်ဆီးအသင်း၏ ရာသီကြို တရုတ်၊ စင်ကာပူခရီးစဉ်တွင် ပါဝင်ခြင်းမရှိဘဲ နွေရာသီအားလပ်ရက်တိုးမြှင့် ပေးခံထားရကာ အသင်းအပြောင်းအရွှေ့လည်းဖြစ်လာနိုင်သည်ဟု မျှော်လင့်ရသည်။

Ref; BBC & Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required