အမေရိကန်တွေ မြောက်ကိုရီးယားကို မသွားဖို့ တားမြစ်တော့မည်

အမေရိကန်တွေ မြောက်ကိုရီးယားကို မသွားဖို့ တားမြစ်တော့မည်

ဇူလိုင် ၂၂ ။                         ။ မြောက်ကိုရီးယားနိုင်ငံကို အမေရိကန်တွေ ခရီးမသွားကြဖို့ တားမြစ်ပိတ်ပင်ချက် မကြာခင် ထုတ်ပြန်သွားဖို့ရှိနေတယ်ဆိုပြီး ၀ါရှင်တန်အစိုးရက ဇူလိုင် ၂၁ ရက်မှာ အတည်ပြုပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ကာလတုန်းက မြောက်ကိုရီးယားကို အလည်အပတ်သွားရောက်ခဲ့စဉ် ဖမ်းဆီးအကျဉ်းချခံခဲ့ရသူ အမေရိကန်ကျောင်းသား ၀မ်ဘီးယား သေဆုံးသွားမှုဖြစ်စဉ်နောက်ပိုင်း ယခုလို   နိုင်ငံသားတွေ အားလုံးကို ယင်းနိုင်ငံဆီ ခရီးမသွားကြဖို့ ကန်အာဏာပိုင်တွေက တားမြစ်ဖို့ လုပ်လာတာဖြစ်ပါတယ်။

ဇူလိုင် ၂၁ ရက်အစောပိုင်းကတည်းက အဆိုပါခရီးသွားပိတ်ပင်မယ့်အစီအစဉ်နဲ့ပတ်သက်လို့ အမေရိကန်အာဏာပိုင်တွေဘက်က မိမိတို့ဆီ ကြိုတင်အကြောင်းကြားထားပြီးဖြစ်ကြောင်း ခရီးသွားအေဂျင်စီတွေက ထုတ်ပြောထားခဲ့တာဖြစ်ပါတယ်။

၀ါရှင်တန်အစိုးရအနေနဲ့ ယခင်ကာလတွေကတည်းက မြောက်ကိုရီးယားဆီကို ခရီးသွားကြတဲ့ နိုင်ငံသားတွေအပေါ် စည်းမျဉ်းတင်းကျပ်မှုတွေလုပ်ထားခဲ့ပေမယ့်လည်း ယခုလို ကျောင်းသား ၀မ်ဘီးယား သေဆုံးပြီးနောက်ပိုင်းမှာတော့ အစိုးရရဲ့ ရပ်တည်ချက်ကို ပိုမိုတင်းကျပ်ကန့်သတ်ဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

လာမယ့်သီတင်းပတ်ကျရင်တော့ နိုင်ငံသားတွေ မြောက်ကိုရီးယားဆီ ခရီးမသွားဖို့ တားမြစ်မယ့်ပိတ်ပင်ချက်ကို တရားဝင်ထုတ်ပြန်ပေးမှာဖြစ်ပြီး နောက်တစ်လအကြာမှာ စတင်အသက်ဝင်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Heather Nauert က ပြောကြားသွားခဲ့ပါတယ်။

" ခုချိန်မှာ မြောက်ကိုရီးယားကို ခရီးသွားကြမယ့် ကန်နိုင်ငံသားတွေ အဖမ်းခံရနိုင်ပြီး ထောင်ကျနိုင်ချေ များလွန်းနေတာကြောင့် ယခုလို ခရီးသွားတားမြစ်ချက်ကို ထုတ်ပြန်ဖို့ ဖြစ်လာတာပါ" လို့ ၎င်းက ပြောသွားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly