ရွေးကောက်ပွဲ နှစ်ခါ အနိုင်ရ မအူပင် NLD အမတ် ဘာ့ကြောင့် ပါတီက နုတ်ထွက်သလဲ

ရွေးကောက်ပွဲ နှစ်ခါ အနိုင်ရ မအူပင် NLD အမတ် ဘာ့ကြောင့် ပါတီက နုတ်ထွက်သလဲ

နေပြည်တော်(ဇူလိုင် ၂၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ မအူပင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးစိန်ဝင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကနေ နှုတ်ထွက်လိုက်ပါတယ်။ သူဟာ ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း NLD ပါတီကနေ ပထမဆုံး နှုတ်ထွက်လိုက်တဲ့ အမတ်တစ်ဦးလည်း ဖြစ်ပါတယ်။

NLD အနေနဲ့လည်း သူ့ကို နှုတ်ထွက်ခွင့်ပြုတဲ့အကြောင်း အကြောင်းကြားလာပြီလို့ ဦးစိန်ဝင်းက ပြောပါတယ်။

စိုက်ပျိုးရေးပညာရှင်တစ်ဦးဖြစ်တဲ့ ဦးစိန်ဝင်းဟာ ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေကြားဖြတ်ရွေးကောက်ပွဲ နှစ်ခုစလုံးမှာ ရွေးကောက်ပွဲအနိုင်ရရှိခဲ့သူပါ။

ဦးစိန်ဝင်းအနေနဲ့ ဘယ်သူ့ရဲ့တွန်းအားမှ မပါဘဲ ပါတီကနေ နှုတ်ထွက်ဖို့ ဖြစ်လာတဲ့ အခြေအနေတွေနဲ့ တသီးပုဂ္ဂလအမတ်အဖြစ် ဆက်လက်ရပ်တည်မယ့် အခြေအနေတွေနဲ့ ပတ်သက်လို့ မဇ္ဈိမသတင်းထောက် မင်းမင်းက ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

မေး။ ။ အန်ကယ်လ် ပါတီကနေ နှုတ်ထွက်ဖို့ ဘယ်လိုအကြောင်းအချက်တွေက အဓိက တွန်းအားဖြစ်စေခဲ့တာလဲ။

ဖြေ။ ။ ကျွန်တော်က စိုက်ပျိုးရေးပညာရှင်ပါ။ စိုက်ပျိုးရေးပညာရှင်ဆိုတော့ ကျွန်တော်က တောင်သူလယ်သမားတွေနဲ့အတူ မြို့နယ်တိုင်း၊ မြို့နယ်တိုင်းမှာရှိတဲ့ တောင်သူလယ်သမားတွေရဲ့ အသိပညာ၊ နည်းပညာတွေကို များများ ဆွေးနွေး၊ ဟောပြောချင်တာပေါ့။ အဲ့ဒါတွေကို ကျွန်တော့ကို (ပါတီက)ကန့်ထားတယ်။ NLD က အဲ့လို မြို့နယ်ကျော်ပြီးဟောပြောခွင့်တွေ ကျွန်တော့ကို မပေးဘူး။ ဒါက နံပါတ်တစ်ပါ။

နံပါတ်နှစ်ကတော့ ခရိုနီတစ်ဦးနဲ့ ပါတီဝင်(၄)ဦးကို ရာဇဝတ်မှု ကျူးလွန်တယ်ဆိုပြီးတော့ ရဲစခန်းမှာ အမှုဖွင့်တာကို အဲ့ဒါကို ပါတီကနေ ကျွန်တော့ကို မစွဲဖို့ လွှမ်းမိုးကန့်သတ်ထားတာကလည်း ဒီမိုကရေစီနည်းလမ်းမကျတဲ့အတွက် အဲ့ဒါလည်း ကျွန်တော် စိတ်မကောင်းရဘူး။

တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာကော်မတီ ဥက္ကဌကနေလည်း ဥက္ကဌရဲ့ တာဝန်တွေ ကျေပွန်တယ်၊ မကျေပွန်တယ်ဆိုတာ လွှတ်တော်ထဲက လုပ်ရမယ့်ကိစ္စကို ပါတီရဲ့ Guide Line နဲ့ ကျွန်တော့ကို ရုတ်တရက်၊ လျှပ်တစ်ပြက်အတွင်း ဒီမိုကရေစီနည်းလမ်းမကျဘဲ ဖယ်ရှားတဲ့အပေါ်ကိုလည်း စိတ်မကောင်းဘူးပေါ့ဗျာ။ ဒါက စိတ်မကောင်းတဲ့ အချက်သုံးချက်ပေါ့။

ဒါပေမယ့် ကျွန်တော် အဲ့အပေါ်မှာ သည်းခံပြီးတော့ နေလာခဲ့တယ်။ ဒါပေမယ့် ဒီနေ့အချိန်မှာတော့ တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာကိစ္စတွေကို ဆောင်ရွက်ချင်တဲ့အတွက် ဘယ်သူ့ရဲ့တွန်းအားမှ မပါဝင်ဘဲနဲ့ ရှေ့အနာဂတ်ကို တောင်သူလယ်သမားတွေရဲ့ မတရားသိမ်းဆည်းခံရတဲ့ လယ်ယာမြေကိစ္စတွေ၊ အလုပ်သမားတွေရဲ့ တစ်နေ့တာ လုပ်ခတွေ၊ ရသင့်ရထိုက်တဲ့ ကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့အတွက် စည်းရုံးဟောပြောနိုင်ခွင့်ရအောင် ပါတီကနေ ထွက်လိုက်ခြင်း ဖြစ်တယ်။

မေး။ ။ ထွက်ဖို့အတွက် ဘယ်တုန်းက တင်လိုက်တာလဲ။  

ဖြေ။ ။ ပါတီကို ဇူလိုင် ၁၄ရက်နေ့က တင်တယ်။ ၁၉ရက်နေ့က ကျွန်တော် ထွက်ခွင့်တောင်းတယ်။ UEC(ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်)က ကနေ့ပဲ ကျွန်တော့ကို လှမ်းအကြောင်းကြားတယ်။ ထွက်ခွင့် ရပါပြီ။ ပါတီကလည်း သူတို့ကို ၂၀ရက် ရက်စွဲနဲ့ အကြောင်းကြားပါတယ်တဲ့။

မေး။ ။ ၁၄ရက်နေ့မှာ ထွက်ဖို့ စာတင်တယ်ဆိုတော့ ၁၃ရက်နေ့က အန်ကယ်လ်ရဲ့ လွှတ်တော်တွင်း ဆွေးနွေးချက်တစ်ခုမှာ လွှတ်တော်ဥက္ကဌက အန်ကယ့်ကို ပြင်းပြင်းထန်ထန် သတိပေးတာ တွေ့ရပါတယ်။ ဆိုတော့ အဲ့ဒါနဲ့ကော ထွက်ဖို့ဖြစ်လာတာက ဆက်စပ်မှု ရှိလား။

ဖြေ။ ။ အဲ့ဒါနဲ့တော့ အသေးအမွှားလေးပါ။ ဒါက သူ့(ဦးဝင်းမြင့်)ဘက်က မပတ်သက်ဘူး ပြောတယ်။ ကျွန်တော့ဘက်မှာတော့ ဆက်စပ်မှု ရှိတာပေါ့ဗျာ။ ဒီအပေါ်မှာ ခံစားမှု ဒီလောက် မရှိပါဘူး။ သူကလည်း အစီရင်ခံစာနဲ့ မပတ်သက်ဘူး ပြောတယ်။ ကျွန်တော်ကလည်း အစီရင်ခံစာအပေါ်မှာ ဆက်စပ်တာကို ဆွေးနွေးတာလေ။ သူ့ပြဿနာနဲ့ သူကိုး။

မေး။ ။ အန်ကယ်လ်က ဘယ်တုန်းကစပြီး NLD ပါတီထဲ ဝင်ခဲ့တာလဲ။

ဖြေ။ ။ ကျွန်တော်က ၂၀၁၁မှာ ပါတီဝင်ဖြစ်ပါတယ်။ ၂၀၁၂မှာ ကြားဖြတ်(ရွေးကောက်ပွဲ)ဝင်တယ်။ ၂၀၁၅မှာ ရွေးကောက်ပွဲ ထပ်ဝင်တယ်။ နှစ်ခါနိုင်ခဲ့တာပေါ့။

မေး။ ။ အခုဆိုရင် တသီးပုဂ္ဂလပေါ့လေ။ လွတ်လွတ်လပ်လပ် ဖြစ်သွားပြီပေါ့။ ရှေ့ဆက် လွှတ်တော်ထဲမှာ ဘယ်လိုမျိုး ရပ်တည်သွားမလဲ ခင်ဗျ။

ဖြေ။ ။ အန်ကယ့်လ်အနေနဲ့ တောင်သူလယ်သမားတွေနဲ့ တွေ့ဆုံဖို့ နောက်ပိုင်း လုပ်ရဦးမှာလေ။ တသီးပုဂ္ဂလအနေနဲ့ပဲ ရပ်တည်သွားမှာပါ။ ဘယ်သူ့ရဲ့ပါတီကိုမှ မဝင်ပါဘူး။

မေး။ ။ တသီးပုဂ္ဂလအဖြစ် ရပ်တည်တဲ့အချိန်မှာ အန်ကယ့်လ်ရဲ့ ဆွေးနွေး၊ တင်ပြချက်တွေကို လွှတ်တော်ဘက်က အပြည့်အဝ ခွင့်ပြုပေးပါ့မလား။

ဖြေ။ ။ မပြုလည်း မပြုတဲ့ကြားထဲက တွန်းတွန်းတိုက်တိုက် လုပ်ရမှာပဲလေ။ ဘာလို့လည်းဆိုတော့ အချိန်က မရှိတော့ဘူး။ ခွင့်မပြုတာက သူ့အပိုင်း၊ ခွင့်ပြုအောင် ကြိုးစားရမှာက ကိုယ့်အပိုင်းလေ။

မေး။ ။ လက်ရှိ NLD ဦးဆောင်တဲ့ အစိုးရနဲ့ လွှတ်တော်က အပြန်အလှန် ထိန်းကျောင်းနိုင်မှု ထိထိရောက်ရောက် လုပ်နိုင်ရဲ့လား။ ဘယ်လို သုံးသပ်လို့ ရမလဲ။

ဖြေ။ ။ လွှတ်တော်ကလည်း အစိုးရကို ထိန်းကျောင်းတာမှာ နည်းနည်း အားနည်းမှု ရှိတယ်လို့ ကျွန်တော် အဲ့လို သုံးသပ်တယ်။ အစိုးရကနေ လွှတ်တော်ရဲ့ ထိန်းကျောင်းမှုကိုလည်း လိုက်နာမှု အားနည်းတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဥပမာလေးတစ်ခု ပြောမယ်။ ကျွန်တော်က ၂၇ရက်၊ ၅လ၊ ၂၀၁၆မှာ လယ်စစ်ဗဟိုကော်မတီကို ကျွန်တော်တက်တယ်။ လွှတ်တော်ရဲ့ကိုယ်စား တက်တယ်။ အဲ့မှာ လယ်ယာမြေနဲ့အခြားမြေသိမ်းဆည်းခံရမှု ပြန်လည်စစ်ဆေးရေးကော်မတီထဲမှာ မြေသိမ်းခဲ့တုန်းက ပါဝင်ပတ်သက်ခဲ့တဲ့ ဌာန၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် ဒါတွေကို အဓိက ဥက္ကဌတို့၊ အတွင်းရေးမှူးတို့တာဝန်ကို မပေးပါနဲ့။ အဖွဲ့ဝင်အဖြစ်သာ ထားပါဆိုပြီးတော့ အန်ကယ်လ်က အကျယ်တဝင့်ဆွေးနွေးတဲ့အခါကျတော့ သူတို့ ဆုံးဖြတ်ချက်ချတဲ့အခါကျတော့လည်း အဲ့အတိုင်းပဲ ဆုံးဖြတ်တယ်။ အောက်ခြေကျတော့ အခု မြေစာရင်းက အတွင်းရေးမှူးဖြစ်လိုက်၊ အုပ်ချုပ်ရေးက ဥက္ကဌဖြစ်လိုက်ဆိုတော့ သူတို့ဟာ အပေါ်ကလုပ်တဲ့ ဆုံးဖြတ်ချက်ကို အောက်ခြေမှာ အကောင်အထည်မဖော်နိုင်ဘူးဆိုတာ တွေ့ရတော့ ကျွန်တော်တို့ လွှတ်တော်ဘက်က ထိန်းကျောင်းမှုက အလကား ဖြစ်သွားတာပေါ့။ လေ ပဲ ဖြစ်သွားတာပေါ့။

ဦးစိန်ဝင်း၏ ကိုယ်ရေးအကျဉ်း

မြင်းခြံမြို့၊ အမှတ်(၂) အထက၊ အမှတ်(၁) အထကတို့တွင် အခြေခံပညာသင်ကြားခဲ့သည်။ ထို့နောက် ပျဉ်းမနားမြို့၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး စိုက်ပျိုးရေးဘွဲ့(B.Ag)ကို ၁၉၈၀ခုနှစ်တွင် ရရှိခဲ့သည်။ လယ်/ဆည် ဝန်ကြီးဌာန၊ စိုက်/မွေးဌာနတွင် ဒုတိယကြီးကြပ်ရေးမှူးတာဝန် ထမ်းဆောင်ခဲ့သည်။ ထို့အပြင် လင်းနိုင်အောင် စိုက်ပျိုးရေးကုမ္ပဏီတွင် မန်နေဂျင်းဒါရိုက်တာအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။ တောင်သူလယ်သမား အသိပညာပေးလုပ်ငန်း (၁၀)နှစ်ကျော် ဆောင်ရွက်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required