ရေအရည်အသွေးမမီသော ရေသန့်စက်ရုံ ဖြန့်ဖြူးခွင့် တားမြစ်မှု မလိုက်နာပါက တိုင်းအစိုးရမှ တရားစွဲမည်

ရေအရည်အသွေးမမီသော ရေသန့်စက်ရုံ ဖြန့်ဖြူးခွင့် တားမြစ်မှု မလိုက်နာပါက တိုင်းအစိုးရမှ တရားစွဲမည်

ပုသိမ်၊ ဇူလိုင် ၂၁ ။            ။ ရေ အရည်အသွေးမမီသောကြောင့် ဖြန့်ဖြူးခွင့် ၆ လ ရပ်နားရန် ညွှန်ကြားထားသည့် ပုသိမ်မြို့ရှိ ကောင်းသန့် ရေသန့်စက်ရုံအား စာထုတ်တားမြစ်ပြီး မလိုက်နာပါက တိုင်းဒေသကြီးအစိုးရအဖွဲ့က တရားစွဲဆိုသွားမည်ဟု လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက ပြောသည်။

"တိုင်းဒေသကြီးအစိုးရအနေနဲ့ ရေသန့်တွေကို ကွာလတီမီဘဲ သောက်သုံးရန်မသင့်ဘဲ ဖြန့်ဖြူးုခင်းမပြုနဲ့ သောက်သုံးရန် အဆင့်မီတဲ့အခါကျတဲ့ အချိန်ကျမှ ဖြန့်ဖြူးပါ စာထုတ်ပါတယ်။ အဲဒီအပေါ်မှာ ဒီနေ့အထိ လိုက်နာမှုမရှိတာကြောင့်မို့ တိုင်းဒေသကြီးအစိုးရက တရားစွဲမှာဖြစ်ပါတယ်၊။ သို့သော်လည်း ပထမအကြိမ် စာထုတ်တားမြစ်မှာပါ ။ မလိုက်နာဘူးဆိုရင် တရားစွဲမှာဖြစ်ပါတယ်”ဟု လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောသည်။

အဆိုပါ ရေသန့်စက်ရုံသည် ယခင်နှစ်က စစ်ဆေးစဉ် ရေအရည်အသွေးမမီသောကြောင့် ဖြန့်ဖြူးခွင့် ၆လရပ်နားရန် ဧရာဝတီတိုင်းဒေသကြီး FDAက ညွှန်ကြားခဲ့ပြီး ယင်းရေသန့်စက်ရုံမှာ ပိတ်သိမ်းခြင်းမရှိခဲ့ပေ။

“ကောင်းသန့် ရေသန့်ပါ ။ ပြီးခဲ့နှစ်တည်းက ရေအရည်အသွေးမမှီလို့ ဧရာဝတီတိုင်းဒေသကြီး FDA က အလုပ်ရုံကို ဖြန့်ဖြူးခွင့် ၆လ ရပ်နားပြီး အရည်အသွေးပြန်လည်စိစစ်ပြီးတော့မှ ဖွင့်ဖို့ပြောထားပေမဲ့ ၊ FDA က စာထုတ်အကြောင်းကြားပေမဲ့ ရေသန့်စက်ရုံက လိုက်နာမှု မရှိခဲ့ဘူး။ ဆက်လက်ဖြန့်ဖြူးနေတယ်။ အရည်အသွေးပြုပြင်ခြင်းမရှိဘဲ လုပ်နေတဲ့အတွက်မို့ တိုင်း FDA က တရားစွဲမှာပါ ” ဟု ဆက်လက်ပြောသည်။

အဆိုပါရေသန့်စက်ရုံသည် ဆက်လက်ဖြန့်ဖြူးရန် နေပြည်တော်ဦးစီးဌာနမှ သက်တမ်းတိုးပေးထားသည်ကို တင်ပြခဲ့ပြီး ယင်းမှာ ရေသန့်စက်ရုံ မှတ်ပုံတင်ခြင်းကို သက်တမ်းတိုးပေးခြင်းသာဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသည်။

“ရေသန့်စက်ရုံ မှတ်ပုံတင်တာကို သက်တမ်းတိုးပေးတာကို ကုမ္ပဏီကို ဆက်လက်ဖြန့်ဖြူးဖို့ ထောက်ခံတဲ့ဆိုတဲ့ လွဲမှားတဲ့ အယူအဆနဲ့ ဆက်သွားနေတယ်လို့ထင်ပါတယ်၊ တိုင်းဒေသကြီး တာဝန်ရှိသူတယောက်အနေနဲ့ အဆင့်မြှင့်ပြီး FDA က စိစစ်ပြီးအထိ FDAက သောက်သုံးရန် သင့်ပြီလို့ အဖြေထွက်လာပြီးတော့မှ ဖြန့်ဖြူးပါဆိုတာကို လိုက်နာမှုမရှိဘူး။ ပထမအကြိမ် စာထုတ်ညွန်ကြားတာ လိုက်နာမှုမရှိဘူး ။ ကျွန်မတို့ တစ်လလောက်စောင့်ကြည့်ပြီး အခု နောက်ဆုံးအကြိမ် ညွန်ကြားထုတ်ပါမယ်။ သတိပေးစာထုတ်ပါမယ်။ အဲဒီသတိပေးစာထုတ်ပြီး ဆက်လက်ပြီးဖြန့်ဖြူးနေမယ် ဆိုင်တွေမှာ စျေးကွက်ထဲမှာ ဖြန်ဖြူးနေရင် တိုင်းဒေသကြီးအစိုးရအနေနဲ့ တရားစွဲတော့မှာ” ဟု ဝန်ကြီးက ပြောသည်။

ယနေ့ ဇူလိုင်လ ၂၁ ရက်တွင် စာထုတ်တားမြစ်ခဲ့ပြီး မလိုက်နာပါက တစ်ပတ်အတွင်း တရားစွဲဆိုသွားမည် ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက စျေးကွက်နမူကောက်ခံပြီး စစ်ဆေးသည့်လုပ်ငန်းများ ပိတ်သိမ်းမှုများနှင့် လုပ်ငန်းတစ်ခုကို တရားစွဲရန်ပြုလုပ်နေကြောင်း FDA တိုင်းတာဝန်ခံက မဇ္ဈိမသို့ ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required