ပါတီများက ကမ်းလှမ်းသော်လည်း ဒေါက်တာ ညိုညိုသင်း တစ်သီးပုဂ္ဂလသာ ပြိုင်မည်

ပါတီများက ကမ်းလှမ်းသော်လည်း ဒေါက်တာ ညိုညိုသင်း တစ်သီးပုဂ္ဂလသာ ပြိုင်မည်

ရန်ကုန်၊ သြဂုတ် ၇ ။       ။ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD  က ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေး ထားပြီး  ရွေးချယ်မခံရသည့် နောက်ပိုင်း ပါတီ ငါးခုက ကမ်းလှမ်းလာသော် လည်း တစ်သီးပုဂ္ဂလ အဖြစ်သာ ဗဟန်းမဲဆန္ဒနယ်မှ ဝင်ပြိုင် တော့မည်ဟု ဒေါက်တာညိုညိုသင်းက သြဂုတ် ၇ ရက်က ရန်ကုန်မြို့ ၃၆လမ်းရှိ MJN ရုံးခန်းတွင် ပြုလုပ်သော သတင်း စာရှင်းလင်းပွဲ တွင်ပြော ကြားသည်။

လျှောက်လွှာမတင်ခင် NLD ၏ မူဝါဒများကို အချိန်ယူလေ့လာပြီးမှ NLD ပါတီသို့ စာရင်းပေးခဲ့သော် လည်း ယနေ့ထိ NLD ပါတီဝင်မဟုတ်သောကြောင့် တစ်သီးပုဂ္ဂလသာ ဝင်ပြိုင်တော့မည်ဟု ၎င်းက ဆိုသည်။

ဒေါက်တာ ညိုညိုသင်းက “ကျွန်မဒီဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာပါ။ ရင်နာရတဲ့ ဆုံးဖြတ်ချက်ပါ’’ ဟု သတင်း မီဒီယာများကို ဖွင့်ဟသည်။

၎င်း ဝင်အရွေးခံမည့် ဗဟန်းမဲဆန္ဒနယ်မှ NLD ကိုယ်စားလှယ်အား အနိုင်ရအောင် ယှဉ်ပြိုင်သွား မည်ဖြစ်ပြီး ကျန်မဲဆန္ဒနယ်အားလုံးတွင် NLD အား ဝန်းရံသွားရမည်ဟုလည်း ၎င်းက ဆိုသည်။

“ပါတီငါးခုအား ကမ်းလှမ်းထားပါတယ်၊ ကြံ့ခိုင်ရေးတော့မပါပါဘူး” ဟု အခြားပါတီများ၏ ကမ်းလှမ်း မှုကိုလည်း ကျေးဇူးတင်ကြောင်း ဒေါက်တာဒေါ်ညိုညိုသင်းက ပြောသည်။

အမျိုးသမီးများ မြန်မာ့နိုင်ငံရေးမှာ ပါဝင်လာရေး၊ ရပ်ကျေးအဆင့်မှ နိုင်ငံတော်အဆင့်ထိ အမျိုးသမီး များ ဆုံးဖြတ်ချက်ချပိုင်ခွင့်မှာ ပါဝင်လာရေး၊ ပြီးခဲ့သည့် ငါးနှစ်အတွင်း ဒေါ်ညိုညိုသင်း၏ လုပ်ဆောင်ချက် မှာ ငြင်းဆိုစရာ လုံးဝမရှိခြင်း၊ NLD တွင် အရွေးမခံရသော်လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်စစ်စစ် တယ်ယောက်အဖြစ် ယုံကြည်၍ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ထောက်ခံကြောင်း ဗဟန်းပြည် သူတစ်ဦး  ဖြစ်သူ အမျိုးသမီး အကြမ်းဖက်မှု ကာကွယ်ရေး လုပ်ဆောင်နေသည့် ဒေါ်ခင်မိမိခိုင်က ပြောကြားသည်။

လက်ရှိ  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်းသည် ဗဟန်းမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြင့် အရွေးခံမည်ဖြစ်ပြီး NLD ပါတီက ပြန်ကမ်း လှမ်းလာလျှင် လက်မခံ တော့ပဲ အခြားနိုင်ငံရေး ပါတီများသို့လည်း မဝင်ရောက်တော့ ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly