အမေ့လျော့ခံ စာရေးဆရာကြီးမောင်စူးစမ်း၏ စျာပန ရေဝေးတွင်ပြုလုပ်

အမေ့လျော့ခံ စာရေးဆရာကြီးမောင်စူးစမ်း၏ စျာပန ရေဝေးတွင်ပြုလုပ်
ဓာတ်ပုံ-ဇေယျာမော်

ရန်ကုန်၊ဇူလိုင်၂၀ ။           ။ ရဲဘော်ချမ်းအေး(ခေါ်) စာရေးဆရာကြီးမောင်စူးစမ်း၏ စျာပနအခမ်းအနားကို ယနေ့၊ ဇူလိုင်လ ၂၀ ရက် နေ့၊ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ ရေဝေးသုဿန်တွင် ပြုလုပ်ခဲ့သည်။

ဆရာမောင်စူးစမ်းသည် ဇူလိုင်လ ၁၈ ရက်နေ့၊ ညနေ ၃ နာရီက အသက် ၉၁ နှစ်အရွယ်တွင်  ရန်ကုန်မြို့၌ ကွယ်လွန်ခဲဲ့ခြင်းဖြစ်သည်။

ဆရာမောင်စူးစမ်းသည် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဦးတင်ဦး၊ ဦးအောင်ကြီးတို့နှင့်အတူ စတင်ထူထောင်ခဲ့စဉ် စာရေးဆရာမောင်သော်က၊ သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်၊ စာရေးဆရာကြီးမောင်မိုးသူတို့နှင့်အတူ ပါ၀င်ခဲ့သူတစ်ယောက် ဖြစ်သည်။

သို့သော် လက်ရှိအနေအထားတွင် ဆရာမောင်စူးစမ်းသည် အမေ့လျော့ခံနိုင်ငံရေးသမား တစ်ယောက် ဖြစ်သည်ဟု စျာပနအခမ်းအနားကို တက်ရောက်လာသည့် စာရေးဆရာဝေမှူးသွင်က ပြောသည်။

"ဆရာက အခုချိန်မှာတော့ အပယ်ခံနိုင်ငံရေးသမားပေါ့၊ အပယ်ခံနိုင်ငံရေးသမားတစ်ယောက်၊ ဘောဂ ဗေဒပညာရှင်တစ်ယောက်၊ ဒီတိုင်းပြည်ရဲ့ အရေးကြီးတဲ့ နိုင်ငံရေးအချိုးအကွေ့တွေမှာ ပါ၀င်ခဲ့တဲ့ ရှေ့မှီ၊ နောက်မှီ လူကြီးတစ်ယောက်၊ သမိုင်းတန်ဖိုးရှိသူလူကြီးတစ်ယောက်အနေနဲ့ ကွယ်လွန်ဆုံးပါးသွားတာ အရမ်းကို တန်ဖိုးရှိတဲ့ လူတစ်ယောက်ပါ။ အင်မတန် စိတ်မကောင်းဖြစ်ရတယ်။" ဟု စာရေးဆရာ ဝေမှူးသွင်က ပြောသည်။

ဆရာမောင်စူးစမ်းသည် စစ်အစိုးရလက်ထက်က ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး၊ ရှေ့နေလိုင်စင်လည်း ရုပ်သိမ်းခြင်းခံခဲ့ရဖူးသူဖြစ်သည်။ ထောင်မှ ထွက်လာပြီးနောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုများတွင် သိပ်မပါဝင်ေတော့ဘဲ စာရေးသားခြင်းကိုသာ တစိုက်မတ်မတ်ပြုလုပ်ခဲ့သည်။ ဓနမဂ္ဂဇင်းတွင် စီးပွားရေး ဆောင်းပါးများ ရေးသားခဲ့ပြီး သူ၏ဘောဂဗေဒဆိုင်ရာဆောင်းပါးများသည် သြဇာကြီးမားခဲ့သည်ဟု အများက အသိ အမှတ်ပြုခြင်းခံခဲ့ရသူဖြစ်သည်။

"မောင်စူးစမ်းပါ၀င်ပတ်သက်ခဲ့တဲ့ပါတီ ၃ ခု ရှိတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရယ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရယ်၊ NLD ရယ်၊ အဲဒီ ၃ ပါတီလုံးနဲ့လည်း မဟာဗျူဟာအရ ကွဲလွဲချက်တွေ အများကြီးရှိတယ်။ အဲဒီကွဲလွဲချက်တွေကိုသာ စနစ်တကျလေ့လာနိုင်ရင် မြန်မာ့နိုင်ငံရေးအတွက် အများကြီးအကျိုး ရှိလိမ့်မယ်" ဟု စာရေးဆရာကျော်ဝင်းက ပြောသည်။

ဆရာမောင်စူးစမ်းသည် နိုင်ငံရေးအရလည်း လူကြိုက်များအောင် မလုပ်ဆောင်ခဲ့ဘဲ သူ၏ ရပ်တည်ချက် အတိုင်း ရဲရဲဝံ့ဝံ့လျှောက်လှမ်းခဲ့သူတစ်ယောက်ဖြစ်သည်ဟု စာရေးဆရာဝေမှူးသွင်က ဆိုသည်။

"နိုင်ငံရေးဖြတ်သန်းမှုတစ်လျှောက်လုံးမှာ ဆရာက လူကြိုက်များအောင်မပြောဘူး။ အာဏာရှိတဲ့လူတွေ၊သြဇာရှိတဲ့လူတွေ အကြိုက် လိုက်မပြောဘူး။ သူယုံကြည်ရာပဲ ပြောခဲ့တာ" ဟု စာရေးဆရာ ဝေမှူးသွင်က ပြောသည်။

ဆရာမောင်စူးစမ်းသည် ၁၉၄၈ ခုနှစ်က ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂတွင်  ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ပြီး ယင်းနှစ်မှာပင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့်အတူ တောခိုခဲ့သည်။ ၁၉၅၆ ခုနှစ်နောက်ပိုင်းတွင် ဆရာသည် မောင်စူးစမ်း၊ ဦးချမ်းအေး၊ မောင်သာဇုံ၊ ဦးထွန်းဖေ စသည့် ကလောင်အမည်များဖြင့် စာပေလောကတွင် ထင်ရှားခဲ့သူတစ်ယောက်ဖြစ်သည်။

ယနေ့ ပြုလုပ်ခဲ့သည့် ဆရာမောင်စူစမ်း၏ စျာပနအခမ်းအနားကို နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များနှင့် စာပေလောကသားအချို့သာ တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly