ဝါရင့်လူရွှင်တော်များ ဖျော်ဖြေမည့် သက်ကြီးလူရွှင်တော်ကြီးများ ကူညီထောက်ပံ့ရေး ရန်ပုံငွေကပွဲ ဒုတိယအကြိမ် ကျင်းပမည်

.

ရန်ကုန် ၊ ဇူလိုင် ၂၀ ။            ။ လူရွှင်တော်အသင်း(ရန်ကုန်) မှ ကြီးမှူးပြီး ကျင်းပပြုလုပ်မည့် သက်ကြီး လူရွှင်တော်ကြီးများ ကူညီထောက်ပံ့ရေး ရန်ပုံငွေ ကပွဲ (ဒုတိယအကြိမ်) ကို ဇူလိုင်လ (၂၃) ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌  ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

လူရွှင်တော်များ ဖြစ်ကြ သည့် ဇာဂနာ ၊ အရိုင်း ၊ ဗေလုဝ ၊ မေတ္တာ ၊ ဒိန်းဒေါင် ၊ ဧရာ ၊ ကျော်ထူး ၊ ကင်းကောင် ၊ ညောင်ညောင် ၊ ငှက်ပျော်ကြော် ၊ ငြိမ်းချမ်း ၊ ထက်ထက် ၊ ဗေဒါ ၊ ၀က်မ ၊ မိုးတိမ် တို့က ပါဝင်တင်ဆက်ကြမည် ဖြစ်ပြီး  ဇူလိုင်လ (၂၃) ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌  ည ၇နာရီ မှ စတင်ပြီး နာမည်ကြီး လူရွှင်တော်များက ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်သည်။

ထိုပြင် လူရွှင်တော်အဖွဲ့များ ဖြစ်ကြသည့် သီးလေးသီးအဖွဲ့ ၊ Five Star အဖွဲ့ ၊ အင်ပါယာ အဖွဲ့ ၊ မေတ္တာရွှေစင်အဖွဲ့ ၊ New-5 အဖွဲ့ ၊ ဟားညီနောင် အဖွဲ့ ၊ အဖေနဲ့သားများ အဖွဲ့ ၊ လူငယ်စတားအဖွဲ့ ၊ ခေတ်သစ်ကြေးမုံအဖွဲ့ နှင့် မင်းသမီးများဖြစ်ကြသည့် သဉ္ဇာမိုးဝင်း ၊ ဒါလီလင်း ၊ နေခြည်ငြိမ်းချမ်း တို့ကလည်း ပါဝင်ကြမည် ဖြစ်ကာ ဆိုင်းအဖွဲ့အနေဖြင့် မြန်မာပြည်သား ဗိုလ်ဗိုလ်ဆင့်က ပါဝင်မည် ဖြစ်သည်။

ထိုရန်ပုံငွေကပွဲ လက်မှတ်များကို တစ်စောင်လျှင် ၁၅၀၀၀ကျပ် ၊ ၁၀၀၀၀ကျပ် ၊ ၅၀၀၀ကျပ် အဖြစ် အသီးသီး သတ်မှတ်ထားပြီး လက်ရှိတွင် လက်မှတ်များ ရောင်းချပေးနေပြီ ဖြစ်ကာ ၅စောင် နှင့်အထက် ဝယ်ယူသူများ ကိုလည်း  အိမ်တိုင်ရာအရောက် ပို့ဆောင်ပေးလျက် ရှိသည်။

လူရွှင်တော်အသင်း(ရန်ကုန်) မှ သက်ကြီးလူရွှင်တော်ကြီးများအား ကူညီထောက်ပံ့ရေး ရန်ပုံငွေကပွဲ ပထမအကြိမ် ကို ၂၀၁၆ခုနှစ်တွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံ၌ ကျင်းပခဲ့ပြီး ယခု ဒုတိယအကြိမ်ဖြစ်သည်။

သက်ကြီး လူရွှင်တော်ကြီးများ ကူညီထောက်ပံ့ ရေး ရန်ပုံငွေ ကပွဲ (ဒုတိယအကြိမ်)တွင် ဒါရိုက်တာ မောင်သီ စီစဉ်ခြင်း ဖြစ်သည်။