အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ဦးနှောက်ကင်ဆာ ခံစားနေရကြောင်း ဆရာဝန်များပြောကြား

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ဦးနှောက်ကင်ဆာ ခံစားနေရကြောင်း ဆရာဝန်များပြောကြား

၀ါရှင်တန် ။                          ။ အရီဇိုးနားပြည်နယ်အား ဆယ်စုနှစ်သုံးစုတိုင်အောင် ကိုယ်စားပြုတာဝန်ထမ်းဆောင်နေသည့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းထံတွင် ဦးနှောက်ကင်ဆာ လက္ခဏာများတွေ့ရှိခဲ့ကြောင်း သူ၏ရုံးချုပ်မှ ဗုဒ္ဓဟူးနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အသက် ၈၀အရွယ်ရှိ ဂျွန်မက်ကိန်းသည် ဂလီယိုဘလက်စ်တိုးမားဟုခေါ်သော အလွန်ပြင်းထန်သည့် ကင်ဆာ ဝေဒနာကို ခံစားနေရကြောင်း ဖီးနစ်မြို့ရှိ မေယိုဆေးခန်းမှ ဆရာဝန်များက ပြောကြားခဲ့ပြီး ထိုဆေးခန်းတွင် လွန်ခဲ့သော သောကြာနေ့က ဂျွန်မက်ကိန်းသည် သူ၏လက်ဝဲဘက်မျက်လုံး၌ သွေးခဲနေသောကြောင့် ခွဲစိတ်မှု ပြုလုပ်ခဲ့သည်။

“တစ်ရှုးစတွေကို နောက်ပိုင်းလေ့လာချက်အရ သွေးခဲနေမှုဟာ ဂလီယိုဘလက်စ်တိုးမားလို့ခေါ်တဲ့ ဦးနှောက်ထဲ မှာရှိတဲ့ အသားပိုအကျိတ်နဲ့ ဆက်စပ်မှုရှိနေပါတယ်” ဟု မက်ကိန်း၏ ရုံးချုပ်မှ ထုတ်ပြန်ခဲ့သော ကြေညာချက်ထဲ၌ ဖော်ပြခဲ့သည်။

ဥပဒေပြုလွှတ်တော်အတွင်းရှိ စကားစစ်ထိုးပွဲများ၌ ရင်းနှီးကျွမ်းဝင်ခဲ့သော ဂျွန်မက်ကိန်း၏ ဒီမိုကရက်တစ် မိတ်ဆွေရင်းတစ်ဦးဖြစ်သည့် ကွယ်လွန်သွားပြီဖြစ်သော မက်ဆာချုးဆက်   ပြည်နယ်ကိုယ်စားလှယ်လောင်း တက်ဒ်ကနေဒီထံတွင်လည်း ထိုအသားပိုအကျိတ်အမျိုးအစားကို တွေ့ရှိခဲ့ဖူးသည်။

ထိုအသားပိုအကျိတ်သည် သာမန်ဦးနှောက်တစ်ရှုးထဲသို့ အမြစ်များနှင့် တိုးဝင်သွားလေ့ရှိသည်။ ခွဲစိတ်ဆရာဝန် များက မြင်တွေ့ရသော အသားပိုအားလုံးကို ဖြတ်ထုတ်လိုက်နိုင်လျှင် လူနာများအနေဖြင့်   ပြန်လည်ကောင်းမွန် လာနိုင်ကြောင်း မက်ကိန်း၏ ရုံးချုပ်မှ ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ထိုသို့ခွဲစိတ်မှုသည် ကုသမှုအလုံးစုံမဟုတ်သေးဘဲ မမြင်တွေ့နိုင်သော ကင်ဆာဆဲလ်များသည် ပုန်းလျှိုးနေကာ အချိန်မရွေးပြန်လည် ထိုးနှက်နိုင်သောကြောင့် မက်ကိန်း၏ဆရာဝန်များသည် ဓာတုကုထုံးများ၊ ဓာတ်ရောင်ခြည်ကုထုံးများနှင့် ဆက်လက်ကုသသွားရန် စဉ်းစားနေကြသည်။

မက်ကိန်း၏သမီးဖြစ်သူ မီဂန်မက်ကိန်းက အဆိုပါသတင်းနှင့်ပက်သက်၍ အလွန်ထိတ်လန့်တုန်လှုပ်ရကြောင်း နှင့် နောက်ထပ်ဖြစ်လာမည့် အခြေအနေများအတွက် စိုးရိမ်ပူပန်နေရကြောင်း တွစ်တာပေါ်၌ ရေးသားခဲ့သည်။

“ အဖေ့အပေါ်မှာထားတဲ့ ကျမရဲ့အချစ်တွေက အတိုင်းမသိကို များပြားလှပါတယ်။ အခြားသော သမီးမိန်းကလေးတွေလိုပဲ အဖေမရှိတဲ့ကမ္ဘာမှာ ကျမ မနေချင်သလို နေလည်းမနေနိုင်ပါဘူး။ အဖေမရှိဘဲနေရ မယ့်နေ့ရက်တွေ ရောက်မလာသေးဖို့ကိုပဲ ကျမမျှော်လင့်ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required