လပွတ္တာရှိ သစ်တောပိုင် အငြင်းပွား လယ်ယာမြေများအတွက် သစ်တောမှ စွန့်လွှတ်ပေးမည်

လပွတ္တာရှိ သစ်တောပိုင် အငြင်းပွား လယ်ယာမြေများအတွက် သစ်တောမှ စွန့်လွှတ်ပေးမည်

ပုသိမ်၊ ဇူလိုင် ၁၉ ။            ။ ဧရာဝတီတိုင်းဒေသကြီးမှ အငြင်းပွားနေကြသော သစ်တောပိုင်မြေဧက ၄၀၀၀ ခန့်အား သစ်တောမှ စွန့်လွှတ်ခဲ့ပြီး မူလနှင့် လက်ရှိ လုပ်ကိုင်သူများအတွက်  လယ်ယာမြေအဖြစ် ပြန်လွှဲပြောင်းမည် ဖြစ်ကြောင်း သိရသည်။  

လပွတ္တာမြို့နယ်၊ကြာကန်ကွင်းပေါက်မှ ရွှေကျွန်းသာ သစ်တောပိုင်မြေမှ ပြန်လည်စွန့်လွှတ်မည်ဖြစ်ပြီး နောက်ဆုံးကျန်သော အကွက်အမှတ်၄၊၆မှ  ဧကပေါင်း ၄၀၀၀ ခန့်ရှိကြောင်း ဧရာဝတီတိုင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ မြေနေရာများအတွက် အငြင်းပွားမှုများ  ဖြစ်ပွားခဲ့ပြီး လူသေမှု ၂ ကြိမ်အထိ ဖြစ်ပွားခဲ့သည်။

“လက်ရှိ စိုက်ပျိုးနေသူရှိတယ်။ မူလစိုက်ပျိုးသူရှိတဲ့သူတွေဟာ ၂၀၁၂လယ်ယာမြေဥပဒေအရ ယခင်စိုက်ပျိုးခဲ့တဲ့အတွက် ပိုင်ဆိုင်ခွင့်ရှိပါတယ်ဆိုပြီး အငြင်းပွားပြီး တစ်ဘက်နဲ့ တစ်ဘက် တိုက်ခိုက်ခဲ့လို လူသေမှု နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်၊ ဥပဒေရှုထောင့်ကကြည့်ရင် ဒီမြေဟာ သစ်တောမြေ ဖြစ်ပါတယ်။ တကယ်မှာ မူလကပိုင်ဆိုင်သူတွေက ပိုင်ဆိုင်ခွင့်မရှိသလို လက်ရှိ စိုက်ပျိုးသူတွေလည်း ပိုင်ဆိုင်ခွင့်မရှိဘူး။ သစ်တောက စွန့်လွှတ်လိုက်တယ်ဆိုတော့ မြေလွတ်မြေရိုင်းအဖြစ်ကို ပြန်ရောက်မယ်၊ အဲဒီမှာ ဥပဒေနဲ့အညီ မူလလက်ငုပ်ရယ် ၊ လက်ရှိလုပ်ကိုင်သူရယ် ဘယ်သူက ရပိုင်ခွင့်ရှိလဲဆိုတာ ဥပဒေလမ်းကြောင်းကပဲ စိစစ်ပြီး ခွဲဝေမှုတွေ လုပ်ပေးသွားမယ်ဆိုပြီး အကြမ်းဖျဉ်းဆုံးဖြတ်ထားတယ်”ဟု စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က မဇ္ဈိမသို့ပြောသည်။

လက်ရှိတွင် ဥပဒေနှင့်အညီ သစ်တောမြေမှ မြေလွတ်မြေရိုင်းအဆင့်သို့ လွှဲပြောင်းကာ လယ်ယာမြေ အဖြစ် ပြန်လည် လွှဲပြောင်းမည် ဖြစ်သည်။

“အခုက စွန့်လွှတ်တဲ့ အမိန့်က ဒီရက်ထဲမှာ ရတာပါ ။ စိုက်ပျိုးရာသီကိုကျော်နေပြီး လက်ငုပ်တွေကို စစ်ဆေးရမယ် ။ ဥပဒေနဲ့အညီ သစ်တောမြေကနေ မြေလွတ်မြေရိုင်းအဆင့်ကို ပြန်လည်လွှဲပြောင်း ရမယ်။ မြေလွတ်မြေရိုင်းအဆင့်က တစ်ခါလယ်ယာမြေအဖြစ်ကို ပြန်လည်လွှဲပြောင်းရမယ်။ လုပ်ထုံးလုပ်နည်းတွေက ကျန်နေပါတဲ့အတွက် ဒီနှစ်စပါးစိုက်ရာသီမှာ မီမဲ့ အလာလားမရှိပါဘူး ဟု ဝန်ကြီးက ပြောသည်။

အဆိုပါနေရာတွင် လယ်ယာမြေစိုက်ပျိုးလုပ်ကိုင်နေကြခြင်းဖြစ်ပြီး လက်ရှိတွင် တိုင်းဒေသကြီးအစိုးရ က မည်သူမျှ ဝင်ရောက်ကျူးကျော်စိုက်ပျိုးခြင်းမပြုရဟု တားဆီးမိန့် ထုတ်ထားပြီး ဖောက်ဖျက်ပါက အရေးယူတရားစွဲသွားမည် ဖြစ်သည်။

"တိုင်းဒေသကြီးအစိုးရလမ်းညွန်မှုနဲ့ ခရိုင်အုပ်ချုပ်ရေး၊မြို့နယ်အုပ်ချုပ်ရေးတွေက ဒီနှစ်စပါးရာသီမှာ မည်သူမျှ ဝင်ရောက်ကျူးကျော်စိုက်ပျိုးခြင်းမပြုရ တားဆီးမိန့်ထုတ်ထားပါတယ်၊မလိုက်နာဘဲ ကျုးကျော်စိုက်ပျိုးရင် နောက်ဆက်တွဲဖြစ်လာမဲ့ ပြဿနာတွေ အလွန်ကြီးမားပါတယ်။ တားဆီးမိန့်ကို ကျုးလွန်ဖောက်ဖျက်ပြီး ဝင်ရောက်စိုက်ပျိုးတဲ့သူကို ဥပဒေနဲ့အညီ အရေးယူတာတို့ တရားစွဲတာတို့ ဆက်လုပ်ဖို့ ပြင်ဆင်ထားပါတယ်”ဟု ရွှေကျွန်းသာ လယ်ယာမြေ စိုက်ပျိုးခွင့် တားမြစ်ထားသည့် ကြားမှ စိုက်ပျိုးလျှင် တရားစွဲဆိုမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က ပြောသည်။

“ကျွန်တော်တို့လက်ထက်မှာ အစိုးရက တားမြစ်ထားတဲ့ ကြားက မူလလက်ငုပ်နှင့်လက်ရှိလက်ငုပ် ခိုက်ရန်ဖြစ်ပွားပြီး လူတစ်ဦးထပ်ပြီးသေဆုံးတဲ့အဖြစ်ကိုရောက်တယ်။ ကျွန်တော်တို့က ပြီးခဲ့တဲ့ စပါးရိတ်သိမ်းတဲ့ရာသီမှာ  တရားမဝင် သစ်တောမြေမှာဝင်ရောက်စိုက်ပျိုးတဲ့ လူများက ရိတ်သိမ်းကြတဲ့အခါမှာ စိုက်ပျိုးခွင့်မရတဲ့သူများက ကြီးစွာသော အနှောင့်အယှက် နဲ့ အဟန့်အတားတွေ ပဋိပက္ခ တွေဖြစ်မှာစိုးလို့ ပြီးခဲ့တဲ့ စပါးရိတ်သိမ်းတဲ့ရာသီမှာ တိုင်းဒေသကြီးအစိုးရ စီမံခန့်ခွဲမှုနဲ့ ရိတ်သိမ်းခဲ့ရတယ် ”ဟု ဝန်ကြီးက ပြောသည်။

လပွတ္တာမြို့နယ်၊ ရွှေကျွန်းသာ သစ်တောမြေ လယ်ယာလုပ်ပိုင်ခွင့်ရရှိစေရေး မူလလက်ငုပ် တောင်သူများနှင့် လက်ရှိလုပ်ကိုင်သည့် တောင်သူများ လုပ်ပိုင်ခွင့်ရရှိရေး အငြင်းပွားနေပြီး၊ လယ်ယာမြေအငြင်းပွားမှုကြောင့် နှစ်ဘက်လယ်သမား ပဋိပက္ခ များဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required