အာဇာနည်ထုံး နှလုံးမူကြ၊ အဓမ္မ၀ါဒ ကျဆုံးပါစေ

.

ဓာတ်ပုံ-Google မှ ကူးယူဖော်ပြသည်

ဒီကနေ့ဟာ အကြိမ် ၇၀ မြောက် အာဇာနည်နေ့ဖြစ်ပါတယ်။

တိုင်းပြည်လွတ်လပ်ရေးအတွက် ရှေ့ဆုံးက ဦးဆောင်ကြိုးပမ်းနေကြတဲ့ အမျိုးသားခေါင်းဆောင်များ အစုအပြုံလိုက် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ၀မ်းနည်းနာကျည်းဖွယ်နေ့ပါပဲ။

အာဇာနည်ဆိုတာကတော့ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ကိုပဌာနမထား စွန့်လွှတ်ပေးဆပ်ဖို့ အဆင်သင့်ဖြစ်တယ်ဆိုတဲ့ အချက်တစ်ချက်တည်းကိုပဲ လေးနက်ကြဖို့ အတုယူကြဖို့ မဟုတ်ပါဘူး။ အဲဒီအာဇာနည်တွေရဲ့ စိတ်နေစိတ်ထား၊ ညာဏ်ပညာကြီးမားမှုအစရှိတဲ့ အရည်အချင်းများကိုလည်း ကျွန်တော်တို့တတွေ လေ့လာကြရ အတုယူကြရမှာပါပဲ။

နှစ်ပေါင်းမြောက်များစွာ အာဇာနည်နေ့ အခမ်းအနားတွေ အဖြစ်သဘောသာ ကျင်းပခွင့်ရခဲ့ရာက အခုဆိုရင် လွတ်လပ်ပွင့်လင်းစွာ ကျင်းပခွင့်တွေရလာတာလည်း မကြာသေးပါဘူး။ အရေးအကြီးဆုံးကတော့ အာဇာနည်နေ့ အခမ်းအနားတွေ ကျင်းပကြယုံနဲ့တော့ လုံးဝမလုံလောက်တော့ဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။ မှန်ပါတယ်။ ကျွန်တော်တို့ဟာ အာဇာနည်နေ့ ကျရောက်လာပြီဆိုရင် အာဇာနည်နေ့ ၀မ်းနည်းဖွယ် အခမ်းအနားတွေ ကျင်းပကြမယ်၊ လွမ်းသူ့ပန်းခွေ ချကြမယ်၊ အာဇာနည်ကြီးများအကြောင်း ဟောကြပြောကြ မျှဝေကြမယ်။ ဒီလောက်ပါပဲ။ နောက်တစ်နေ့ကြတော့ အာဇာနည်ကြီးများကို ခဏမေ့ထားလိုက်ကြတယ်။ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ စိတ်ဓါတ်တွေ၊ ကြိုးပမ်းဆောင်ရွက်မှုတွေကိုကြတော့ မေ့ထားလိုက်ကြတယ်။ ဒီလိုနဲ့ နောက်တစ်ကြိမ် အာဇာနည်နေ့ရောက်လာ။ ဒီလိုပဲ ပြန်ဆုံကြ။ ဒီလိုပဲ လွမ်းသူ့ပန်းခွေချကြ။ ဒီလိုနဲ့ အာဇာနည်နေ့ သံသရာလည်ခဲ့ရတာ နှစ် ၇၀ ပြည့်ခဲ့ပါပြီ။

ဒီနှစ်အာဇာနည်နေ့မှာတော့ မိမိတို့ မဇ္ဈိမအနေနဲ့ အာဇာနည်နေ့မှာ သမရိုးကျ လုပ်ရိုးလုပ်စဉ် အခမ်းအနားတွေနဲ့တင် မလုံလောက်တော့ဘူးဆိုတာ အလေးအနက်ထား ပြောချင်ပါတယ်။ အာဇာနည်ကြီးများကို လွမ်းသရုံ ပန်းခွေချရုံမျှလောက်နဲ့တော့ ရပ်မနေသင့်တော့ဘူးလို့လည်း ထင်မြင်မိပါတယ်။

အာဇာနည်နေ့မှာ ကျွန်တော်တို့ စဉ်းစားရမယ့်အချက်က နှစ်ချက်ဖြစ်ပါတယ်။ ပထမအချက်က  အာဇာနည်ကြီးများရဲ့ဂုဏ်ကို လေးနက်ကြဖို့ဆိုတဲ့ အချက်နဲ့ယှဉ်ပြီး အာဇာနည်ကြီးများရဲ့ စွန့်လွှတ်အနစ်ခံမှုမျိုး၊ တိုင်းပြည်နဲ့လူမျိုးအပေါ် ထားရှိတဲ့ သူတို့ရဲ့ စိတ်နေသဘောထားအပြင် သူတို့ခင်းခဲ့တဲ့ လွတ်လပ်ရေး စည်းလုံးညီညွတ်ရေး ငြိမ်းချမ်းရေး အစရှိတဲ့ သူတို့ရဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖေါ်ကြဖို့လည်း မုချလိုအပ်တယ်ဆိုတဲ့ အချက်ပါပဲ။

ခုဆိုရင် မိမိတို့တိုင်းပြည်မှာ အမျိုးသားသွေးကွဲမှုကြီးဖြစ်နေတာလည်း ကြာလှပါပြီ။ ငြိမ်းချမ်းရေးလမ်းစတွေ မှေးမှိန်နေခဲ့တာလည်း ကြာလှပါပြီ။ ဒါက ဘာကိုပြသလည်းဆိုတော့ ကျွန်တော်တို့က ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ အာဇာနည်ကြီးများကို အမှန်တကယ်လေးစားရာ အလေးအနက်ပြုရာရောက်ရဲ့လားဆိုတဲ့အချက်ကို မီးမောင်းထိုးပြနေသလိုပါပဲ။ ကျွန်တော်တို့ဟာ အာဇာနည်နေ့ အခမ်းအနားတွေ ကျင်းပပြုလုပ်ရုံမျှနဲ့တော့ အာဇာနည်ကြီးများကို တကယ်အလေးအနက်ထားရာ ရောက်ပါရဲ့လား။ တကယ်တော့ ကျွန်တော်တို့က သူတို့ခင်းခဲ့တဲ့ ညီညွတ်ရေးလမ်းနဲ့ စည်ပင်ဝပြောငြိမ်းချမ်းတဲ့ မြန်မာ့လူဘောင်တစ်ခု ဖန်တီးဖို့ဆိုတဲ့ သူတို့ရဲ့မျှော်မှန်းချက်ကို အောင်မြင်အောင် အကောင်အထည်မဖေါ်နိုင်ကြတဲ့ သဘောဖြစ်နေပါတယ်။ ကျွန်တော်တို့က အာဇာနည်ကြီးများကို မှန်မှန်ကန်ကန် လေးနက်ရာ မရောက်သေးဘူးလို့ပဲ မြင်ပါတယ်။ အာဇာနည်ကြီးများက တိုင်းပြည်နဲ့လူမျိုးအပေါ် တာဝန်ကြေခဲ့ကြပေမယ့် ကျွန်တော်တို့ကကြတော့ တာဝန်ပျက်ကွက်ခဲ့ကြတဲ့သဘော ဖြစ်နေပါတယ်။

ဒုတိယအချက် ရှိပါသေးတယ်။ အာဇာနည်နေ့မှာ တွေးမိတာက အာဇာနည်ခေါင်းဆောင်ကြီးများဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အမျိုးသားသွေးစည်းညီညွတ်ရေးရှိရမယ်၊ ငြိမ်းချမ်းပြီး စည်းလုံးးညီညွတ်မှုဖြင့်သာ တိုင်းပြည်တည်ဆောက်ရမယ်ဆိုတဲ့ စိတ်ဓါတ်ကို ချပေးခဲ့ပါတယ်။ ဒါဟာ ဘယ်လို အဓိပ္ပါယ်ဆောင်ခဲ့သလဲ။ တခါ တိုင်းပြည်ခေါင်းဆောင်တွေ လုပ်ကြံသတ်ဖြတ်ခြင်းအားဖြင့် တနည်းအားဖြင့်ပြောရရင် အဓမ္မလက်နက်နဲ့ ဖြေရှင်းတဲ့နည်းနဲ့ နိုင်ငံ့အာဏာ ရယူတဲ့နည်းလမ်းဟာ မမှန်ကန်ဘူးဆိုတဲ့ အချက်ကိုလည်း ပြသခဲ့တယ်လို့လည်း ပြောလို့ရပါတယ်။

ဒါကြောင့်မို့ အာဇာနည်ကြီးများရဲ့ စံနမူနာထားရမယ့် စိတ်ဓါတ်နဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ပညာရေးပြဌာန်းချက်တွေထဲ အလုပ်သဘောထက်ပိုပြီး ခရေစေ့တွင်းကျ အကျယ်တ၀င့်   ဖေါ်ပြပညာပေးဖို့ လိုအပ်သလို ခေါင်းဆောင်ကြီးများ မလိုလားခဲ့တဲ့ အကြမ်းဖက်တဲ့နည်းနဲ့ နိုင်ငံရေးပြဿနာတွေကို မှားယွင်းစွာဖြေရှင်းဖို့ကြိုးစားခြင်း စိတ်ဓါတ်ကိုလည်း တရားဝင် ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်ကြ၊ ရှုတ်ချကြ၊ ပညာပေးကြဖို့လည်း အထူးလိုအပ်လှပါတယ်။ အကြမ်းဖက် အဓမ္မနည်းဟာ တိုင်းပြည်နဲ့လူမျိုးအကျိုးကိုမဖြစ်စေဘဲ လူတစ်စုအကျိုးကိုသာ   ကောင်းကျိုးပြုရာရောက်ကြောင်း လောကပါလ တရားနဲ့လည်း မကိုက်ညီကြောင်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများက မှားယွင်းတယ်ဆိုပြီး ပယ်ထားခဲ့တဲ့ နည်းလမ်းသာဖြစ်ကြောင်း လူတိုင်း သည့်ထက်နားလည်သိရှိထားဖို့ လိုအပ်ကြောင်းကိုလည်း  မဇ္ဈိမက တင်ပြလိုက်ရပါတယ်။