အပူပိုင်းဇုန်မှာ မွေးမြူရေးလုပ်ငန်းကို ဦးစားပေးသင့်တယ်

အပူပိုင်းဇုန်မှာ မွေးမြူရေးလုပ်ငန်းကို ဦးစားပေးသင့်တယ်

(ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့-FAO ၏ နည်းပညာအကြံပေးမှူးဖြစ်သူဒေါက်တာမူရေးဖရန်စစ် မက်လေရန်နှင့် တွေ့ဆုံခြင်း)

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) ရဲ့ နည်းပညာအကြံပေးမှူးဖြစ်သူ ဒေါက်တာမူရေးဖရန်စစ် မက်လေရန်သည် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တရုတ်နှင့် မွန်ဂိုလီးယား စသည့်နိုင်ငံများတွင် မွေးမြူရေးလုပ်ငန်းနှင့် ပတ်သတ်ပြီးဦးဆောင်အကြံပေးခဲ့သောအေတွေ့အကြုံရှိသူ ဖြစ်သည်။ ဒေါက်တာမူရေးသည် မြန်မာနိုင်ငံအပူပိုင်းဒေသ မြို့နယ် (၆) မြို့နယ်တွင်   ဒေသခံလယ်သမားများအတွက် ဖွံ့ဖြိုးသောမွေးမြူရေးလုပ်ငန်းစီမံကိန်းကိုမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့်အတူဦးဆောင် လုပ်ကိုင်လျက်ရှိသည်။ ယင်းစီမံကိန်းသည် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုှနှစ်အထိရှိသည့် ၃ နှစ် စီမံကိန်းဖြစ်သည်။

မဇ္ဈိမ။   ။ စိုက်ပျိုးရေးထက် မွေးမြူရေးကိုပိုလုပ်ကိုင်သင့်တယ်လို့ FAO က ပြောချင်တာလား။

ဒေါက်တာမူရေး။  ။ မွေးမြူရေးလုပ်ငန်းက ဒီဒေသမှာအရမ်းကို အရေးအသုံးဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာသီဥတုအပြောင်းအလဲဖြစ်တာ၊ မိုးရေနောက်ကျမှရတာနဲ့ နွေရာသီမှာ ပိုပြီးပူပြင်းတာတွေ   ဖြစ်လာမယ်ဆိုရင် မွေးမြူရေးလုပ်ငန်းကသီးနှံစိုက်ပျိုးတာထက်ကိုပိုပြီးခံနိုင်ရည်ရှိမယ်၊ စားဖို့လည်းရမယ်။ တစ်ချို့လယ်သမားတွေဆိုရင် မွေးမြူရေးကပိုပြီး ယုံကြည်စိတ်ချရတယ်ဆိုတာ နားလည်လာကြတယ်။ဒီဒေသကလယ်သမားတွေဟာသိုးနဲ့ ဆိတ် မွေးမြူတာကိုတိုးမြှင့်ဖို့ လိုမယ်လို့ ထင်တယ်။ အခုဆိုရင် အိမ်ထောင်စုရဲ့ ၇ ရာခိုင်နှုန်းလောက်ကပဲ သိုးနဲ့ဆိတ်ကို မွေးမြူကြတာ။ ဒါကိုတိုးမြှင့်ရမယ်လို့ ကျွန်တော်တို့ ထင်တယ်။ ပြီးတော့ ဝက်မွေးမြူတာကလည်း ဒီအပူပိုင်း ရာသီဥတုအပေါ်မှာ ဖြစ်ထွန်းမယ်လို့ ယုံကြည်တာကြောင့် တစ်ချို့က ဝက်ကို မွေးကြပါတယ်။   အောင်းလည်း အောင်မြင်ပါတယ်။ ရန်ကုန်နဲ့ မန္တလေးကိုလည်း အလွယ်တင်ပို့နိုင်ပါတယ်။ ကျွဲနွားတိရစ္ဆာန်ကိုမွေးမြုတာကြတော့ သူ့ရဲ့ ဈေးကွက်ကပိုပြီးယုံကြည်ရနိုင်တယ်လို့ မြင်တယ်။ အိမ်နီးချင်းဈေးကွက်ဖြစ်တဲ့ တရုတ်နဲ့ ထိုင်းဈေးကွက်ကိုလည်း တင်ပို့နိုင်တာပဲလေ။ ဒီဒေသက ကျွဲနွားမွေးမြူတာကပိုပြီးသင့်တော်ပြီးအကျိုးအမြတ်ရှိတဲ့ ဈေးကွက် တစ်ခုဖြစ်မယ်လို့လည်းထင်တယ်။

မဇ္ဈိမ။   ။အခု FAO ကလုပ်ကိုင်နေတဲ့ စီမံကိန်းကရောဘယ်လောက်အထိအောင်မြင်နေပြီလဲ

ဒေါက်တာမူရေး။  ။စီမံကိန်းက ခရီးတစ်ဝက်မှာ ရှိပါသေးတယ်။ ဆက်လည်းသွားနေပါတယ်။ မွေးမြူရေးအဆောက်အအုံတွေ တိုးချဲ့သွားဖို့ အောင်မြင်နိုင်မယ့် နည်းလမ်းတွေလည်းရှိပါတယ်။ ဒီကတစ်ချို့ ဒီလိုမွေးမြူရေးတဲတွေဆိုအကျိုးဖြစ်ထွန်းနေတာတွေ လည်းရှိနေပါတယ်။ ဆိတ်မွေးမြူတာနဲ့ ဝက်မွေးမြူတာတွေကနေ အကျိုးအမြတ်တွေကို မြင်တွေ့လာနေရပါတယ်။မွေးမြူရေးနဲ့ ကုသရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ရလဒ်ဟာဆိုရင်လည်း ကောင်းမွန်ပါတယ်။

မဇ္ဈိမ။   ။ စိန်ခေါ်စရာတွေကရော ဘာတွေလဲ

ဒေါက်တာမူရေး။  ။ကျွန်တော်တို့ကမွေးမြူရေးနဲ့ ကုသရေးဌာနနဲ့ ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်းလုပ်ကိုင်နေတာကြောင့် အကောင်အထည်ဖော်တဲ့ အပိုင်းမှာအလုပ်ဖြစ်ပါတယ်။ ဈေးကွက်အရဆိုရင် လည်းအခုအချိန်အထိ ကြီးမားတဲ့ ဈေးနှုန်းအတက်အကျမရှိတာကြောင့် ဒီအပေါ်မှာစိန်ခေါ်စရာလည်းမဖြစ်ပါဘူး။ ပြောရရင်တော့ ကျွန်တော်တို့ ထူးထူးခြားခြားစိန်ခေါ်မှုမျိုးကိုမတွေ့ရပါဘူး။

မဇ္ဈိမ။   ။ဈေးကွက်အရဘယ်ဟာကပိုပြီးအကျိုးအမြတ်ရှိမလဲ

ဒေါက်တာမူရေး။  ။တရုတ်နိုင်ငံမှာ သိုးနဲ့ဆိတ်အပါအဝင် ကျွဲနွားစတဲ့ တိရစ္ဆာန်တွေကိုတင်ပို့နေတဲ့ ဈေးကွက်ရှိပါတယ်။ ဈေးကွက်မှာစွန့်စားလုပ်ကိုင်ရမှာကတော့ အမြဲရှိတာပဲလေ။ ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတွေကလည်း အမြဲတမ်း အစားအစာလိုအပ်နေတာကြောင့် ဒီဈေးကွက်ကအမြဲတမ်းရှိနေမယ်လို့ ကျွန်တော်တို့ မြင်တယ်။ တစ်ဘက်မှာ တစ်ခြားနိုင်ငံတွေရဲ့ ဈေးကွက်တွေကိုချဲ့ထွင်သင့်သလိုဒီကမွေးမြူရေးနဲ့ အရည်အသွေးအပိုင်းကိုလည်းတိုးမြှင့်ဖို့လိုမယ်။ ဈေးကွက်အခွင့်အလမ်းတွေ ရှိလာမယ်လို့ ကျွန်တော်တို့ မြင်တယ်။

မဇ္ဈိမ။   ။ဘယ်တိရစ္ဆာန်ကအပူပိုင်းဇုန်ဒေသအတွက် ပိုပြီးဖြစ်ထွန်းမလဲ

ဒေါက်တာမူရေး။  ။တိရစ္ဆာန်တစ်မျိုးနဲ့ တစ်မျိုးတော့ မတူပါဘူး။ ဒီလိုဆိတ်သိုးတွေကိုမွေးမြူမယ်ဆိုရင် ကျပ်သန်းနဲ့ ချီတဲ့ ရင်းနှီးမြှုပ်နှံမှု အကြီးကြီးလုပ်ရမယ်။ ဝက်တစ်ကောင်ကို မွေးမယ်ဆိုရင်တော့ ကျပ် ငါးသောင်း၊ တစ်သိန်းလောက် ကုန်ကျမယ်။ဒီကလယ်သမားတွေကတော့ လယ်ယာလုပ်ငန်းနဲ့ မွေးမြူရေးကို မျှဝေလုပ်ကိုင်သင့်တယ်လို့ ကျွန်တော်ထင်တယ်။တစ်ချို့ဆိုကျွဲနွားမွေးမြူရေးနဲ့ ကောက်ပဲသီးနှံစိုက်ပျိုးတာကို ရောစပ်လုပ်ကိုင်တာ၊ ဝက်နဲ့ ဆိတ်စတာတွေကို မျှေ၀ မွေးမြူတာကိုလုပ်ကြတယ်။ တစ်ခုတည်းကနေ အကျိုးအမြတ်မျှော်ကိုးတာထက် ရောစပ်လုပ်ကိုင်တာ အရေးကြီးတယ်။ တစ်ချို့တိရစ္ဆာန်တွေဆို တိုတောင်းတဲ့ သက်တမ်းရှိတယ်။ ဝက်တို့ ဆိတ်တို့ဆိုရင် ၉လ၊ ၁၀လ ဆိုရင် ရောင်းလို့ရပြီ။ ဆိတ်ကိုမွေးတာအချိန် ၆လလောက်ကြာပေမယ့် ကျွဲနွားဆိုရင် ပိုပြီးကြာမယ်။ အဲတော့ လုပ်မယ့် လုပ်ငန်းနဲ့ ငွေကြေးအရင်းအနှီးတွေကိုသေချာအောင် လုပ်ထားဖို့ လိုမယ်။ ဒီနေရာမှာ အရေးကြီးတာက အိမ်ထောင်စုတွေမှာရှိတဲ့ လုပ်သားအင်အားပဲ။ အိမ်ကသားသမီးတွေက ကျောင်းတက်နေတာရှိမယ်၊ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်နေတာ၊ မြို့တက်ပြီး အလုပ်သွားလုပ်နေတာ ရှိမယ်။ အဲတော့ လုပ်အားအတွက် လုပ်သားစရိတ် အကုန်အကျခံနိုင်မယ်ဆိုရင် မွေးမြူရေးကို များများလုပ်ကိုင်နိုင်ပါတယ်။

မဇ္ဈိမ။   ။FAO က ဒီလိုမွေးမြူရေး စီမံကိန်းမျိုးဘယ်နိုင်ငံတွေမှာလုပ်ကိုင်ဖူးပါသလဲ

ဒေါက်တာမူရေး။  ။ ဒေသတွင်းမှာဆိုရင် ဗီယက်နမ်၊ တရုတ်၊ မွန်ဂိုးလီးယားနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှာ FAO က လုပ်ကိုင်ခဲ့ဖူးပြီး တစ်ခြားကမ္ဘာ့နိုင်ငံတွေမှာလည်းဒီလိုစီမံကိန်းနဲ့ ပုံစံတူအမျိုးအစားတွေကိုလည်းလုပ်ကိုင်ဖူးပါတယ်။

မဇ္ဈိမ။   ။ ဘယ်စီမံကိန်းကအအောင်မြင်ဆုံးလဲ

ဒေါက်တာမူရေး။  ။အားလုံးအောင်မြင်တယ်လို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ် ၂၀ ထဲမှာ နိုင်ငံတွေရဲ့ မြို့ပြစနစ်တွေဟာ လျင်လျင်မြန်မြန်နဲ့ တိုးတက်နေတယ်၊ အာရှမြို့တော်တွေရဲ့ တိုးတက်မှုတွေကလည်း မြန်ဆန်နေတယ်။ အဲတော့ လူတွေက မြို့ကြီးတွေကိုသွားကြပြီးဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ ဓာတ်သတ္တု တူးဖော်ရေးလုပ်ငန်းစတာတွေမှာ ဝင်ရောက် အလုပ်လုပ်ကိုင်ကြတယ်။  ဆိုတော့ ပိုက်ဆံတွေပိုရလာကြတယ်။ အသားစားချင်လာတယ်။အဲတော့ မွေးမြူရေးလုပ်ငန်းတွေလည်းသိပ်ကိုအောင်မြင်ခဲ့တာပေါ့။ မြို့ပြတွေ ဖွံ့ဖြိုးသလို   နိုင်ငံအချင်းချင်းကုန်သွယ်ရေးတွေလည်းတိုးတက်ခဲ့တယ်။ ဆိုတော့ မွေးမြူရေးလုပ်ငန်းကဈေးကွက်အသစ်တွေအတွက် အခွင့်အလမ်းတွေရှိလာနေတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags