YBS နှစ်စီးတိုက်မှုမှ သေဆုံးခဲ့သူနှင့် ဒဏ်ရာရရှိသူများအတွက် အာမခံကြေးနှင့် ဂရုဏာကြေးများ ပေး

YBS နှစ်စီးတိုက်မှုမှ သေဆုံးခဲ့သူနှင့် ဒဏ်ရာရရှိသူများအတွက် အာမခံကြေးနှင့် ဂရုဏာကြေးများ ပေး
ဓာတ်ပုံ-ထင်လင်းအောင်
 

ရန်ကုန်၊ ဇူလိုင်လ ၁၈။           ။ လူ ၁၀ ဦးသေဆုံးခဲ့သော YBS ၅၅ နှင့် YBS ၃၇ ယာဉ်လိုင်းတို့ ပြင်းထန်စွာ ယာဉ်တိုက်မှုတွင် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများအတွင် အာမခံကြေးနှင့် ဂရုဏာကြေးများကို  ပေးအပ်ခဲ့ပြီဖြစ် ကြောင်း ဇူလိုင်လ ၁၈ နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA)မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က မဇ္ဈိမသို့ အတည်ပြုပြောသည်။

YRTA မှ ဂရုဏာကြေး အဖြစ် သေဆုံးသူတစ်ဦးလျှင် ငွေကျပ် ၁ဝ သိန်းနှင့် ဒဏ်ရာရရှိသူတစ်ဦးလျှင် ငွေကျပ် ၅ သိန်း အား ပေးအပ်ခဲ့ကြောင်း သိရပြီး အဆိုပါ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁ဝ ဦးနှင့် ဒဏ်ရာရရှိခဲ့သူ ၃၂ ဦးထိရှိခဲ့သည်။

ထို့ပြင် မြန်မာ့အာမခံလုပ်ငန်းမှလည်း သေဆုံးသူတစ်ဦးလျှင် ငွေကျပ် ၁ဝ သိန်းစီ ပေးအပ်ခဲ့ပြီး ဒဏ်ရရှိသူများ အတွက် ဒဏ်ရာ အကြီး၊ အသေးပေါ်မှုတည်ပြီး ငွေကြေးပေးအပ်ရန် စီစဉ်လျက်ရှိသည်။

YBS ၃၇  မှာ အာမခံ ထားရှိထားသောကြောင့် သေဆုံးသူများအတွက် ကျပ် ၁၀ သိန်းစီ ရရှိခဲ့ပြီး ၅၅ ယာဉ်လိုင်းမှာမူ အာမခံ မထားရှိထားခြင်း မရှိပေ။

“ ၃၇ ကားမှစီးတဲ့သူတွေက ဂရင်းဂါးဒီးရမ်းထားတဲ့အတွက် သေဆုံးခဲ့တဲ့သူက ၁ဝ သိန်းရတယ်။ ဒဏ်ရရှိသူကတော့ ဒဏ်ရာပေါ်မှုတည်ပြီးတော့ ၃ သိန်းကနေပြီးတော့ ၃ သိန်းအထက်ရပါတယ်။ ၃၇ ယာဉ်လိုင်းလိုက်ပါရင်း သေဆုံးခဲ့သူတစ်ဦးက စုစုပေါင်း ၃၅ သိန်းလောက်ရတယ်။ ၅၅ ယာဉ်လိုင်းမှာ စီးတဲ့သူကတော့ အဲ့ လောက်မရဘူးပေါ့။ ၅၅ က အာမခံထားတာမရှိဘူးလေ။ ကုမ္ပဏီကလည်း ဘာမှတာဝန်မယူဘူး။ ဒါကြောင့် ရတဲ့ဟာ မတူပါဘူး”ဟု ဒေါက်တာမောင်အောင်က ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဇူလိုင် ၇ ရက်၊ နေ့လည် ၁ နာရီကျော်ခန့်အချိန်တွင် ဆူးလေ - ထောက်ကြန့် ပြေးဆွဲပေးနေသည့် YBPC ကုမ္ပဏီပိုင် YBS ၃၇ နှင့် ဥက္ကံနှင့် မော်တင်ပြေးဆွဲပေးနေသည့် တိုက်ကြီးသား အများပိုင်ယာဉ်လိုင်းမှ YBS ၅၅တို့ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပြည်လမ်းမကြီး၊ ထောက်ကြန့်မွေးမြူရေး မှတ်တိုင်အနီး ပျဉ်းမပင်ကျေးရွာအုပ်စု၊ ရွှေညောင်ပင်ဘိုးဘိုးကြီး နတ်နန်းဟောင်းရှေ့တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ကြီးသားအများပိုင်ကုမ္ပဏီမှ ယာဉ်လိုင်း(၅၅) က ရန်ကုန်ဘတ်စ်ကားအများ နှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်မှ ယာဉ်လိုင်း(၃၇)ကို ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် YBS ၅၅ ယာဉ် လိုင်းနေရာတွင် YRTA မှညွှန်ကြားမှုဖြင့် ယာဉ်လိုင်းနံပါတ် ၉ဝ နှင့် အစားထိုးပြေးဆွဲလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required