အာလာဒင်ဇာတ်ကားအတွက် ရွေးချယ်ထားသော သရုပ်ဆောင်ကြောင့် ဒစ်စနေးပရိသတ်များစိတ်ပျက်

အာလာဒင်ဇာတ်ကားအတွက် ရွေးချယ်ထားသော သရုပ်ဆောင်ကြောင့် ဒစ်စနေးပရိသတ်များစိတ်ပျက်

အာလာဒင်ဇာတ်ကားအသစ်အတွက် ရွေးချယ်ထားသောသရုပ်ဆောင်မှာ အာရပ်နွယ်ဖွားမဟုတ်သောကြောင့် ဒစ်စနေးကုမ္ပဏီသည် ပရိသတ်များ၏ဝေဖန်မှုနှင့် ကြုံတွေ့နေရသည်။

အာလာဒင်ကာတွန်းဇာတ်လမ်းကို ရုပ်ရှင်အဖြစ်အသက်သွင်းမည့် အစီအစဉ်ထဲတွင် ဒစ်စနေးကုမ္ပဏီသည် မင်းသမီး နာအိုမီစကော့ကို ဂျက်စမင်ဇာတ်ကောင်အတွက်   ရွေးချယ်ထားကြောင်း ကြေညာခဲ့သည်။

ဗြိတိန်နှင့် အိန္ဒိယနွယ်ဖွား နာအိုမီသည် မီးခွက်စောင့်ဘီလူးကြီးအဖြစ် သရုပ်ဆောင်မည့် ဝီလ်စမစ်နှင့် အီဂျစ်နွယ်ဖွား ကနေဒါမင်းသား မီနာမာဆွတ်တို့နှင့်အတူ တွဲဖက်သရုပ်ဆောင်မည်ဖြစ်သည်။

ထို့အတွက် အချို့သောလူမှုမီဒီယာသုံးစွဲသူများက နာအိုမီ၏ နေရာအတွက် အခြားအာရပ်နွယ်ဖွား သရုပ်ဆောင် ကိုသာ ရွေးချယ်ရမည်ဖြစ်ကြောင်း အငြင်းပွားနေကြသည်။

အာလာဒင်ဇာတ်လမ်းသည် စိတ်ကူးထဲမှနိုင်ငံဖြစ်သည့် အက်ဂရာဘာ၌ ဇာတ်အိမ်တည်ထားခြင်းဖြစ်သော် လည်း ပရိသတ်များက ထိုနိုင်ငံသည် အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုကို ကိုယ်စားပြုခြင်းဖြစ်ကြောင်း ယူဆနေ ကြသည်။

နာအိုမီနှင့် တွဲဖက်သရုပ်ဆောင်မည့် မင်းသားမီနာမာဆွတ်မှာ အီဂျစ်နွယ်ဖွားဖြစ်သော်လည်း လူမှုမီဒီယာပေါ်မှ ပရိသတ်များက သူ့နေရာ၌ မင်းသားအေဗန်ဂျိုဂျီယာကိုသာ ပိုမိုသရုပ်ဆောင်စေလိုကြောင်း သိရသည်။

အချို့သောပရိသတ်များက နာအိုမီအား အိမ်ရှေ့စံမင်းသမီး ဇာတ်ကောင်၌ ရွေးချယ်သရုပ်ဆောင်ခိုင်းခြင်းသည် ဒစ်စနေးကုမ္ပဏီက အိန္ဒိယနှင့် အရှေ့အလယ်ပိုင်းမှ အမျိုးသမီးများသည် အမျိုးအတူတူပဲဖြစ်သည်ဟု ယူဆနေ ခြင်းကြောင့်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

ထိုကဲ့သို့ ဝေဖန်မှုများကြုံတွေ့နေရသော်လည်း အချို့သော ပရိသတ်များသည် အာလာဒင်ရုပ်ရှင်အတွက် ရွေးချယ်ထားသော သရုပ်ဆောင်များနှင့်ပက်သက်၍ ကျေနပ်နေကြကြောင်း သိရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly