ရေကြီးမှု ကြံုတွေ့နေရသည့် တိုင်းဒေသကြီး ၃ ခုအား လူမှုဝန်ထမ်းမှ ကူညီထောက်ပံ့နေဟုဆို

ရေကြီးမှု ကြံုတွေ့နေရသည့် တိုင်းဒေသကြီး ၃ ခုအား လူမှုဝန်ထမ်းမှ ကူညီထောက်ပံ့နေဟုဆို
ဓာတ်ပုံ - ရေခဲ ( ပြည်)

ရန်ကုန်၊ ဇူလိုင် ၁၇ ။              ။ ရေကြီးမှုဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမှ   ထောက်ပံ့ကူညီနေပြီဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်က ပြောသည်။

ရေကြီးနစ်မြှုပ်သည့်ဒေသများအား အရေးပေါ်အစားစာအတွက် ဆန်ရိက္ခာများ၊ သေဆုံးသူအတွက် ထောင်ပံ့မှုများ၊ ရေကြီးရာတွင် မျောပါသွားသည့်အိမ်များအတွက် အိမ်ဆောက်ပစ္စည်းများကို လူမှုဝန်ထမ်းနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့လျက်ရှိသည်ဟု ဆိုသည်။

"ကျွန်မတို့ရဲ့တိုင်းဒေသကြီးဦးစီးမှူးရုံးတွေရယ် ခရိုင်ရုံးတွေရယ်ရှိတဲ့နေရာတွေပေါ့နော် ။ ချက်ချင်းသွားတယ်။ ပြီးတော့ ဒေသရဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့အတူတူ ပူးပေါင်းပြီးတော့ သူတို့ကယ်ဆယ်ရေးစခန်းတွေ ရွှေ့တာတို့လို အဲဒီလိုစီမံခန့်ခွဲတာတွေဆောင်ရွက်တယ် ။ နောက် ကျွန်မတို့ဆီက ထောက်ပံ့မှုတွေ လုပ်တယ်"ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးများတွင် လတ်တလော ရေကြီးရေလျှံမှုများဖြစ်ပွားနေပြီး စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခန္တီးမြို့နယ် ရေဘေးသင့်ကျေးရွာများအတွက် ဇူလိုင်လ ၁၇ ရက်တွင် ငွေကျပ် ၂၄သိန်းကျော်လာရောက် ထောက်ပံ့သွားကြောင်း သိရသည်။

ရေကြီးရေလျှံမှုနှင့်ပတ်သက်ပြီး တာဝန်ရှိသူတွေအနေဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအစီအမံများကို အသေးစိတ်လုပ်ဆောင်သင့်ကြောင်း မိုးလေဝသပညာရှင်ဦးထွန်းလွင်က ဇူလိုင်လ ၁၄ ရက်နေ့တွင် မဇ္ဈိမကို ပြောခဲ့သည်။

"သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအစီအမံကတော့ မဖြစ်ခင်ကြိုတင်စီစဉ်တယ်။ ပညာပေးအစီစဉ်တွေ လုပ်တယ်တို့ ဘာလုပ်မယ်စီစဉ်တာတို့။ ဒါမျိုးတွေက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးပဲလေ။ ဖြစ်လာရင်၊ ရေကြီးတဲ့နေရာတွေမှာဆိုရင် ဘယ်ပြောင်းရမယ်ဆိုတာ သိပြီးသား ။ သူတို့ရဲ့ကုန်းမြင့်နေရာ၊ အဆင်ပြေမယ့်နေရာတွေကို ပြောင်းကြရတာ။ အရေးကြီးတာကအရေးပေါ် အခိုအကာ။ ဒါကအရေးအကြီးဆုံးပဲ နောက်ပြီးတော့မှတစ်ခါရေကောင်းရေသန့်တို့ ကျန်းမာရေးတို့ အိမ်သာကိစ္စ ရေကိစ္စတွေကိုသွားတာလေ"ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ြ ပန်လည်နေရာချထားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ဆိုသည်။

စစ်ကိုင်းတိုင်းထဲတွင် ဟုမ္မလင်းမြို့နယ်၊ ခန္တီးမြို့နယ်၊ မော်လိုက်မြို့နယ်၊ ဖောင်းပြင်၊ ကလေးဝ၊ မင်းခင်း၊ မုံရွာ၊ စားလင်းကြီး၊ ညောင်စခန်းမြို့နယ်များနှင့် လေရှီးမြို့နယ်ထဲမှ တစ်မြို့နယ်တို့သည် ရေကြီးနစ်မြုပ်မှုကို ကြုံတွေ့နေရသည်။

ဇူလိုင်လ(၁)ရက်နေ့မှ ဇူလိုင်(၁၆)ရက်နေ့အထိ ကောက်ခံရရှိသည့်စာရင်းများအရ စစ်ကိုင်းတွင် ရေဝင်သည့်အိမ်ခြေစုစုပေါင်း ၄၈၂၀ ရှိပြီး ရေဝင်ပြောင်းရွေ့ရသည့်အိမ်ပေါင်း ၄၈၀၇ အိမ် ရှိနေသည်။ စစ်ကိုင်းတိုင်းအတွင်း ရေကြီးမှုကြောင့်မျောပါသွားသည့် အိမ် ၂၈ လုံး ရှိခဲ့ပြီး ဘေးသင့်အိမ်ထောင်စု အားလုံးပေါင်း ၉၃၇၆ အိမ်နှင့် လူဦးရေ ၄၄၀၀၀ ကျော်ရှိနေသည်ဟု ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းကဆိုသည်။

မကွေးတိုင်းဒေသကြီးတွင် ချောက်မြို့နယ်၊ မကွေး၊ ရေစကြို၊ ပက္ခူ ၊ရေစကြိုမြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်များ ရေကြီးမှုတွင်ပါဝင်နေသည်။ မကွေးတိုင်းဒေသကြီး၌ ရေကြီးမှုကြောင့်ပြောင်းရွေ့ရသည့်အိမ်ခြေ ခုနှစ်ထောင့်သုံးရာ(၇၃၀၀)ကျော်နှင့် လူဦးရေစုစုပေါင်း နှစ်သောင်းကိုးထောင်(၂၉၀၀၀)ကျော်ရှိနေသည်။

ပဲခူးတိုင်းဒေသကြီးတွင် ပန်းတောင်းမြို့နယ်နှင့် ရွှေတောင်းမြို့နယ်တို့၌ ရေကြီးမှုကြောင့်ရေဝင်သည့် အိမ်ခြေ နှစ်ထောင့်ငါးရာခုနှစ်ဆယ့်ငါး(၂၅၇၅)ရှိနေပြီး ပြောင်းရွှေ့ရသည့်အိမ်ခြေ သုံးရာ သုံးဆယ့်လေး(၃၃၄)နှင့် လူဦးရေမှာ ထောင့်သုံးရာ(၁၃၀၀)ကျော်ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly