ထိုင်းက တောင်ပေါ်စေတီတွင် မျောက်များ သောင်းကျန်းလွန်း၍ သားကြောဖြတ်ပေးရေး စီမံချက်ချ

ထိုင်းက တောင်ပေါ်စေတီတွင် မျောက်များ သောင်းကျန်းလွန်း၍ သားကြောဖြတ်ပေးရေး စီမံချက်ချ

ဘန်ကောက်၊ ဇူလိုင် ၁၇ ။          ။ ထိုင်းနိုင်ငံက နာမည်ကြီး ဗုဒ္ဓဘာသာစေတီပုထိုးကျောင်းတစ်ခုမှာ မျောက်တွေ သောင်းကျန်းလွန်းတာကြောင့် ကောင်ရေထပ်မပွားလာအောင် သားကြောဖြတ်လုပ်ငန်းကို စီမံဆောင်ရွက်ပေးနေရပါတယ်။

မျောက်ကောင်ရေ ရာနှင့်ချီပြီး သားကြောဖြတ်ပေးနိုင်ခဲ့ရင်တော့ မျောက်တွေရဲ့ သောင်းကျန်းမှုဒဏ် သိပ်ခံရတော့မှာ မဟုတ်လို့ ခုလို သားကြောဖြတ်စီမံချက်ကို ဆောင်ရွက်လာရတာလည်းဖြစ်ပါတယ်။

ရေပန်းစားတဲ့ ခရီးသွားမြို့ဖြစ်တဲ့ Hua Hin မြို့အနီး ပင်လယ်ကမ်းခြေနားက တောင်ပေါ်စေတီဖြစ်တဲ့ Wat Khao Takiab ဘုရားစေတီ ပတ်ဝန်းကျင်တစ်လျှောက်မှာ မျောက်အုပ်က ထောင်ပေါင်းများစွာ ရှိနေပြီး ဒေသခံနဲ့ ခရီးသွားဧည့်တွေအတွက် ဒုက္ခပေးလာနေတာဖြစ်ပါတယ်။

ဘန်ကောက်မြို့က ကီလိုမီတာ ၂၀၀ အကွာလောက်မှာ ရှိတဲ့ ဒီစေတီပုထိုးဝန်းကျင်မှာ ကျင်လည်ကျက်စားနေတဲ့ မျောက်ကောင်ရေဟာ ၃၀၀၀ ကျော်ထက်မနည်း ရှိတယ်လို့ အမျိုးသား ဥယာဉ်၊ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ဝါးပင် ကာကွယ်ထိန်းသိမ်းရေးဌာန တာဝန်ရှိသူတွေက ဆိုပါတယ်။

ခု စေတီအပါအဝင် ထိုင်းနိုင်ငံတွင်းက ဘုရားပုထိုးစေတီကျောင်းကန်တွေ အများစုမှာ မျောက်တွေကို အစာကျွေးဖို့ မြေပဲ၊ ပြောင်းနဲ့ ငှက်ပျောသီးတွေ လာရောက်ခရီးသွားဧည့်သည်တွေကို ဝယ်ယူကျွေးမွေး ခွင့်ပေးထားပါတယ်။

ဒီလို ကျွေးမွေးတာကနေ မျောက်တွေဟာ နောက်ပိုင်းမှာ ကျွေးတာပေးတာနဲ့ မတင်းတိမ်ပဲ လူတွေဆီက ခိုးယူလုယက်လာသလို ရန်လိုလာနိုင်တဲ့ အခြေအနေပါ ရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် မျောက်အုပ်အရေအတွက် ထိန်းသိမ်းဖို့အတွက် ဌာနက တိရစ္ဆာန်ကုဆရာဝန်တွေဟာ ဇူလိုင် ၁၄ ရက်က စပြီး အခုဘုရားစေတီမှာ ရှိတဲ့ မျောက်တွေထဲက အရွယ်ငယ်မျောက်တွေကို သားကြောဖြတ်ပေးတဲ့ လုပ်ငန်းကို စလုပ်ဆောင်လာတာဖြစ်ပါတယ်။

စတင်လုပ်ဆောင်တဲ့ ဇူလိုင် ၁၄ ရက်မှာပဲ မျောက်ကောင်ရေ ၆၀ နီးပါးကို သားကြောဖြတ်ပေးနိုင်ပြီး ဇူလိုင် ၂၀ ရက်အထိ လုပ်ဆောင်သွားမှာဖြစ်ရာ စုစုပေါင်း ကောင်ရေ ၅၀၀ အထိ သားကြောဖြတ်ပေးမှာဖြစ်ပါတယ်။ ဒါတင်မပြီးသေးဘဲ ဒုတိယအသုတ် မျောက်တွေ သားကြောဖြတ်ပေးတဲ့ စီမံချက်ကို လာမယ့်နှစ်မှာလည်း ဆက်လက်ဆောင်ရွက်ဖို့ လျာထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags