IS တပ်ဖွဲ့ဝင်တစ်ဦးတွေ့ရှိက သတင်းပေးရန် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားခြင်းမရှိ

IS တပ်ဖွဲ့ဝင်တစ်ဦးတွေ့ရှိက သတင်းပေးရန် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားခြင်းမရှိ

ရန်ကုန်၊ ဇူလိုင် ၁၇ ။                   ။ လူမှုကွန်ယက် (Facebook) ပေါ်တွင် ပျံ့နှံ့နေသည့် IS တပ်ဖွဲ့ဝင်တစ်ဦးတွေ့ရှိက သတင်းပေးတိုင်ကြားရန်ဟု ဆိုသည့် ဓာတ်ပုံနှင့်စာမှာ သတင်းမှားသာဖြစ်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားခြင်း မရှိဟု ဇူလိုင် ၁၇ ရက်စွဲဖြင့် ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

“ IS လက်ရွေးစင်တစ်ယောက်ဖြစ်ကြောင်း အသိပေးထားပါတယ်၊ မြန်မာစကားကျွမ်းကျင်စွာပြောဆိုနိုင်သူ ဖော်ပြပါအကြမ်းဖက်သမားကို နီးစပ်ရာရဲစခန်းတွင် သတင်းပေးကြပါ၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့၊ ဖုန်းနံပါတ် ၀၁- ၂၃၁၇၅၂၆၊ ၀၁-၂၃၁၇၅၂၇ ” ဟု ဓာတ်ပုံနှင့် ပူးတွဲလျက်ပါရှိသည့် ဖော်ပြချက်များမှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ဖော်ပြခြင်းမဟုတ်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

 “ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ထုတ်ပြန်ဖော်ပြခြင်းမရှိကြောင်း အသိပေးဖော်ပြအပ်ပါသည် ” ဟုအဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။

သို့သော်လည်း အဆိုပါ ဓာတ်ပုံနှင့် စာများကို ဇူလိုင် ၁ ရက်နေ့ ရွှေတိဂုံဘုရားတွင် ကပ်ထားကြောင်း တွေ့ရှိရသည်။ အဆိုပါ လူမြင်ကွင်းတွင် ကပ်ထားသည့် ကိစ္စနှင့်ပက်သက်ပြီး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားခြင်းမရှိပေ။

အဆိုပါ ဖုန်းနံပါတ်များမှာ ယခုလက်ရှိ ရဲတပ်ဖွဲ့မှ အသုံးပြုနေသည့် ဖုန်းနံပါတ်များ (199, 01 2323199) တပ်ဆင်အသုံးပြုခြင်းမရှိသေးမီက အများပြည်သူသို့ အသိပေးထားသောဖုန်းနံပါတ်များသာဖြစ်ပြီး လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံနေသည့် ဓာတ်ပုံတွင်ဖော်ပြထားသည့်ဖုန်းများမှာ မှုခင်းကြိုတင် ကာကွယ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ 199 Call Centre သို့ ဆက်သွယ်သတင်းပေးပို့ တိုင်ကြားနိုင်ရန် လှည့်ကင်း မော်တော်ယာဉ်များတွင် ရေးသားအသိပေးထားသည့် ဖုန်းနံပါတ်များ သာဖြစ် ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly