ဇူလိုင် ၁၇ ။ ။ ကင်မရွန်းနိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်းပြင်ပ ပင်လယ်ပြင်မှာ ဇူလိုင်လ ၁၆ ရက်က စစ်တပ်ပိုင် ရေယာဉ်တစ်စင်း နစ်မြုပ်သွားခဲ့ပြီးနောက် စစ်သား ၃၄ ဦးထိ ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
စုစုပေါင်း ၃၇ ဦးထိ လိုက်ပါသွားတဲ့ အဆိုပါ ကင်မရွန်းစစ်တပ်ပိုင် သင်္ဘောဟာ Bakassi မြို့ဆီ ဦးတည်ခုတ်မောင်းသွားစဉ် ဇူလိုင် ၁၆ မနက်ပိုင်းက နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး Joseph Beti Assomo က ပြောပါတယ်။
" ခုထိတော့ တပ်သား ၃၄ ယောက် ရှာမတွေ့သေးပါဘူး၊ သုံးယောက်ကိုတော့ ကယ်နိုင်ခဲ့ပါတယ်၊ သင်္ဘောကတော့ လုံ့ဝနစ်သွားပါတယ်" လို့ ၎င်းက ပြောပါတယ်။
သင်္ဘောနစ်မြုပ်ရခြင်းရဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း၊ ယင်းသင်္ဘောနစ်မြုပ်ချိန်က ပင်လယ်ပြင်အတွင်း လှိုင်းအတန်အသင့်ရှိနေခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားပါတယ်။
ယခု ပျောက်ဆုံးနေတဲ့ စစ်သားတွေကတော့ နိုင်ငံမြောက်ခြမ်းမှာ ဘိုကိုဟာရမ် စစ်သွေးကြွတွေကို ဦးဆောင်တိုက်ခိုက်နေတဲ့ တပ်ရင်းမှ တပ်သားများဖြစ်ကြောင်းလည်း သိရပါတယ်။