Doctor Who ဇာတ်ကောင်နေရာ၌ ပထမဦးဆုံးအကြိမ်အဖြစ် အမျိုးသမီးသရုပ်ဆောင်ကို ဘီဘီစီရွေးချယ်

Doctor Who ဇာတ်ကောင်နေရာ၌ ပထမဦးဆုံးအကြိမ်အဖြစ် အမျိုးသမီးသရုပ်ဆောင်ကို ဘီဘီစီရွေးချယ်

ဗြိတိန်၏ စိတ်ကူးယဉ်သိပ္ပံ ရုပ်သံဇာတ်လမ်းတွဲဖြစ်သော Doctor Who ၏ ခေါင်းဆောင်ဇာတ်ကောင်နေရာ၌ အမျိုးသမီးသရုပ်ဆောင်ကို ပထမဦးဆုံးအကြိမ်အဖြစ် ရွေးချယ်လိုက်ပြီဖြစ်ကြောင်း ဘီဘီစီမှ တနင်္ဂနွေနေ့က ကြေညာခဲ့သည်။

စတင်ထုတ်လွှင့်လာခဲ့သည်မှာ နှစ်ပေါင်း ၅၀ကျော်ရှိပြီဖြစ်သော Doctor Who ဇာတ်လမ်းတွဲတွင် Broadchurch ကဲ့သို့သော ဆုများဆွတ်ခူးခဲ့သည့် ရုပ်သံဇာတ်လမ်းတွဲ၌ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသည့် အသက် ၃၅နှစ်အရွယ်ရှိ ဗြိတိန်မင်းသမီး ဂျိုဒီဝှစ်တိတ်ကာက ၁၃ယောက်မြောက် Doctor အဖြစ် သရုပ်ဆောင်မည်ဖြစ် ကြောင်း ဘီဘီစီက ပြောခဲ့သည်။

အဆိုပါ သတင်းကို ဝင်ဘလီဒမ် အမျိုးသားတင်းနစ် ဗိုလ်လုပွဲပြီးနောက်တွင် တစ်မိနစ်စာခန့်ရှိသော ဗီဒီယိုအတို လေးတစ်ခုကို ရုပ်သံမှထုတ်လွှင့်ခဲ့ပြီး ကြေညာခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ ရုပ်သံအစီအစဉ်ရဲ့ ဆယ့်သုံးယောက်မြောက် Doctor ကို အမျိုးသမီးဖြစ်ရမယ်လို့ ကျနော်တို့ဆုံး ဖြတ်ခဲ့ကြပါတယ်။ ဒီဇာတ်ကောင်နေရာအတွက် သူမလာရောက်ပြီး စမ်းသပ်အရွေးချယ်ခံတဲ့ အချိန်မှာ ကျနော် တို့ကို ဖမ်းစားနိုင်ခဲ့ပါတယ်။ သူမဟာ ဒီဇာတ်ကောင်နဲ့ အင်မတန်မှကို ကိုက်ညီတဲ့သူပါ” ဟု အဆိုပါဇာတ်လမ်း တွဲကို ရေးသားသူနှင့် ထုတ်လုပ်သူဖြစ်သူ ခရစ္စချင်ဘ်နဲလ်က ပြောခဲ့သည်။

Doctor Who ဇာတ်လမ်းတွဲကို ဗြိတိန်၌ ၁၉၆၃ ခုနှစ်ကတည်းက စတင်ထုတ်လွှင့်ခဲ့ပြီး အရှည်ကြာဆုံး ဇာတ်လမ်းတွဲတစ်ခုဖြစ်ကာ အဓိကဇာတ်ကောင်ဖြစ်သော Doctor နေရာ၌ သရုပ်ဆောင်သူ အရေအတွက် ယနေ့အချိန်အထိ ၁၃ဦးအထိ ရှိပြီဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly