အမြန်လမ်းတွင် ကီလို(၆၀)ကျော်မောင်းသော Light Truck နှင့် Hijet ယာဉ်များကို ဖမ်းဆီးတော့မည်

အမြန်လမ်းတွင် ကီလို(၆၀)ကျော်မောင်းသော Light Truck နှင့် Hijet ယာဉ်များကို ဖမ်းဆီးတော့မည်

နေပြည်တော်(ဇူလိုင် ၁၇ရက်၊ ၂၀၁၇ခုနှစ်)။ ။ Light Truck နှင့် Hijet ကားသေးများအား ရန်ကုန်- မန္တလေးအမြန်လမ်းတွင် အမြန်နှုန်း ကီလို(၆၀)ထက် ပိုမိုမောင်းပါက ဖမ်းဆီးအရေးယူတော့မည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။

လာမည့် စက်တင်ဘာလ ၁ရက်တွင် စတင်ဖမ်းဆီးအရေးယူမည်ဖြစ်ပြီး ကီလို (၆၀)ထက် ပိုမိုမောင်းနှင်ပါက ဒဏ်ကြေးအဖြစ် ကျပ်ငွေ ၅၀၀၀၀ ပေးဆောင်ရမည်ဖြစ်သည်။ စက်တင်ဘာလ မတိုင်မီ ဩဂုတ်လအတွင်း ပညာပေးကာလအဖြစ် သတ်မှတ်ကာ ကီလိုကျော်မောင်းနှင်သည့်ယာဉ်များအား သတိပေးသွားမည် ဖြစ်သည်။

ရန်ကုန်- မန္တလေး အမြန်လမ်းတွင် Light Truck နှင့် Hijet ယာဉ်များသည် သတ်မှတ်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်းနှင့် ယာဉ်မတော်တဆမှုဖြစ်ပွားပါက သေဆုံး၊ ဒဏ်ရာရရှိမှု များပြားခြင်းတို့ကြောင့် အထက်ပါအတိုင်း အရေးယူရန် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီက ညွှန်ကြားထားခြင်းဖြစ်သည်။

“အခု ကျွန်တော်တို့ သတိပေးဖို့ လုပ်နေတယ်။ ၉လပိုင်းကနေ စဖမ်းတော့မယ်” ဟု ရန်ကုန်-မန္တလေး အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး၊ ရဲအုပ်တင်မောင်ရွှေက မဇ္ဈိမကို ပြောသည်။

အမြန်လမ်းစတင်ဖွင့်လှစ်ချိန်မှ ယနေ့အထိ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်မှုကြောင့် ယာဉ်မတော်တဆမှုများအနက် Light Truck ယာဉ်ကြောင့် ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုက ပိုမိုများပြားကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ ယာဉ်မတော်တဆမှုပေါင်း ၇၄၄ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၆၇ ဦး ရှိကြောင်း အစိုးရက တရားဝင် ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required