စပိန်ရှိ အပန်းဖြေကစားကွင်း၌ ရိုလာကိုစတာရထားတွဲချင်း တိုက်မိမှုကြောင့် ၃၃ဦးဒဏ်ရာရ

စပိန်ရှိ အပန်းဖြေကစားကွင်း၌ ရိုလာကိုစတာရထားတွဲချင်း တိုက်မိမှုကြောင့် ၃၃ဦးဒဏ်ရာရ

မက်ဒရစ်၊ ဇူလိုင် ၁၇  ။       ။ စပိန်နိုင်ငံရှိ သက်တမ်းအရင့်ဆုံး အပန်းဖြေကစားကွင်းများထဲမှ တစ်ခုဖြစ်သည့် ကစားကွင်းထဲ၌ တနင်္ဂနွေနေ့ က ရိုလာကိုစတာရထားတွဲနှစ်ခု တိုက်မိသောကြောင့် လူပေါင်း ၃၃ယောက်ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ပြောခဲ့သည်။

မက်ဒရစ်မြို့ရှိ ပါကေးဒီအက်ထရာစီယွန်နက်စ် ကစားကွင်း၌ ဖြစ်ပွားခဲ့သော အဆိုဖြစ်ရပ်တွင် အပတ်ရေပြည့်၍ ပင်မဂိတ်ပေါက်သို့ ပြန်ရောက်လာသော ရထားတွဲသည် ရပ်တန့်သွားချင်းမရှိဘဲ ထွက်ခွာရန်ပြင်ဆင်နေသော အခြားရထားတွဲကို အနောက်မှ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောခဲ့သည်။

ဒဏ်ရာရရှိသူ ၃၃ဦးထဲမှ ၂၇ဦးကို ဆေးရုံသို့ခေါ်ဆောင်ပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်း အဆိုပါပြောရေး ဆိုခွင့်ရှိသူက ဆက်ပြောခဲ့သည်။ ဒဏ်ရာများသည် အသေးစားဒဏ်ရာများသာဖြစ်ပြီး ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ခြင်း နှင့် ထိတ်လန့်တုန်လှုပ် သွားခဲ့ကြခြင်းသာဖြစ်ကြောင်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါအပန်းဖြေကစားကွင်း၏ ဝက်ဘ်ဆိုက်ပေါ်၌ တင်ထားခဲ့သော အချက်အလက်များအရ ရိုလာကိုစတာ ရထားတွဲသည် အမြင့်ပေ ၅၇.၅ ပေခန့်အထိ ပျံသန်းပြီး အကွာအဝေး ပေ ၁၅၀၀ခန့်အထိ သွားလာခဲ့ကာ အရှိန်မှာ တစ်နာရီလျှင် ၅၅ ကီလိုမီတာအထိရှိကြောင်း သိရသည်။

ပါကေးဒီအက်ထရာစီယွန်နက်စ် ကစားကွင်းကို လွန်ခဲ့သော ၁၉၆၉ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး မက်ဒရစ်မြို့၏ အကြီးဆုံးပန်းခြံကြီးဖြစ်သော ကာဆာဒီကမ်ပိုပန်းခြံထဲတွင် တည်ဆောက်ထားခြင်းကာ ၄၉ ဧကခန့် ကျယ်ဝန်း သည်။

ရဲတပ်ဖွဲ့နှင့် ပန်းခြံမှဝန်ထမ်းများသည် အဆိုပါမတော်တဆဖြစ်ရပ်နှင့် ပက်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ် နေကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly