ဖက်ဒါရာက မာရင်စီလစ်ကို အနိုင်ကစားပြီး ဝင်ဘယ်လ်ဒန် ချန်ပီယံဆုကို ၈ ကြိမ်မြောက် စံချိန်တင် ရရှိ

ဖက်ဒါရာက မာရင်စီလစ်ကို အနိုင်ကစားပြီး ဝင်ဘယ်လ်ဒန် ချန်ပီယံဆုကို ၈ ကြိမ်မြောက် စံချိန်တင် ရရှိ
(ဓာတ်ပုံ - အီးပီအေ)

ဇူလိုင်လ ၁၆ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝင်ဘယ်လ်ဒန်အိုးပင်း တင်းနင်းပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲစဉ်မှာ နာမည်ကြီး ဆွစ်ဇာလန်တင်းနစ်ကစားသမား ရော်ဂျာဖက်ဒါရာက ခရိုအေးရှား တင်းနစ်သမား မာရင်စီလစ်ကို ၆-၃၊ ၆-၁၊ ၆-၄ ဖြင့် ပွဲငယ်သုံးပွဲပြတ် အနိုင်ယူကစားခဲ့တာကြောင့် ဝင်ဘယ်လ်ဒန်ချန်ပီယံဆု ၈ ကြိမ်မြောက် ရယူနိုင်ခဲ့တဲ့ ပထမဆုံး တင်းနစ်ကစားသမား ဖြစ်လာပါတယ်။

ဖက်ဒါရာဟာ ခရိုအေးရှားကစားသမားကို အနိုင်ယူဖို့ ၁ နာရီနဲ့ ၄၁ မိနစ်ကြာ ကစားခဲ့ရပြီး ဂရင်းဆလင်းပြိုင်ပွဲမှာ အသက်အကြီးဆုံး အမျိုးသားချန်ပီယံအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

အသက် ၃၅ နှစ်ရှိ ဖက်ဒရာဟာ ယခုနှစ် ဝင်ဘယ်လ်ဒန်ချန်ပီယံဆုဖလား အပါအဝင် ဂရင်းဆလင်းပြိုင်ပွဲ ၄ ခုမှာ စုစုပေါင်း ချန်ပီယံဆုဖလား ၁၉ ကြိမ် ရရှိထားခဲ့ပြီး ဗြိတိန်မှ ဝီလျံရမ်ရှော်နှင့် အမေရိကန်မှ ပိဆမ်းပရပ်စ်တို့ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဖက်ဒရာဟာ ဇန်နဝါရီလက သြစတြေးလျအိုင်းပင်းပြိုင်ပွဲ ဗိုလ်လုပွဲမှာ စပိန်မှ ရာဖေးလ် နာဒါးလ်ကို အနိုင်ယူခဲ့ပြီးနောက် တနှစ်အတွင်း သူ့ရဲ့ ဒုတိယမြောက် ဂရင်းဆလင်းချန်ပီယံဖြစ်လာပါတယ်။

၂၀၁၄ အမေရိကန်အိုးပင်း ချန်ပီယံ မာရင်စီလစ်ဟာ ယခုဗိုလ်လုပွဲစဉ်မှာ ၎င်းရဲ့ ဘယ်ခြေထောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖက်ဒါရာဟာ ယခုနှစ်ရာသီ ဝင်ဘယ်လ်ဒန်၊ မဲလ်ဘုန်း၊ အိန္ဒိယန်း ဝဲလ်စ်၊ မိုင်ယာမီနှင့် ဟာလေတို့မှာ ဆုဖလား ၅ ကြိမ် ဆွတ်ခူခဲ့ပြီး အမျိုးသား တစ်ဦးချင်း ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ ၂၀၁၅ သြဂုတ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မာရေးနှင့် နာဒါးလ်တို့နောက် အဆင့် ၃ နေရာကို ရောက်ရှိလာမှာဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly