ဧရာဝတီတိုင်းဒေသကြီး FDA မှ လုပ်ငန်းတစ်ခုအား တရားစွဲရန် စီစဉ်နေ

ဧရာဝတီတိုင်းဒေသကြီး FDA မှ လုပ်ငန်းတစ်ခုအား တရားစွဲရန် စီစဉ်နေ

ပုသိမ် ။                  ။ ဧရာဝတီတိုင်းဒေသကြီး၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဈေးကွက်နမူနာ ကောက်ခံပြီးစစ်ဆေးခဲ့ပြီးနောက် လုပ်ငန်းတစ်ခုကို တရားစွဲရန်ပြုလုပ်နေကြောင်း FDA တိုင်းတာဝန်ခံက မဇ္ဈိမသို့ ပြောသည်။

"အစားအသောက်ဈေးကွက်နမူနာကောက်ယူသည့်လုပ်ငန်း တချို့လုပ်ငန်းက ခေါ်ယူသတိပေး တစ်ဘက်က နည်းပညာဆိုင်ရာကူညီပေးတဲ့လုပ်ငန်းပိတ်သိမ်းတဲ့အထိ အရေးယူတယ် ။ တရားစွဲဆိုဖို့ ပြင်ဆင်နေတဲ့ လုပ်ငန်းတစ်ခုပဲ ရှိတယ်။ တကယ်တမ်း တရားစွဲခဲ့တဲ့ လုပ်ငန်းမရှိဘူး၊ လုပ်ငန်း ပိတ်သိမ်းတာနဲ့ ထိရောက်တဲ့အရေးယူမှုပါ၊ ဧရာဝတီတိုင်းဒေသကြီး စစ်ဆေးမှု အများဆုံး တွေ့ရှိရတာ ဖော်မလင် ၊ပဲပြားတံဆိပ်လေးခု ၊ ပဲသွေးတံဆိပ်နှစ်ခု၊ တလျောက်လုံးမှာ ပုပ်သိုးလွယ်တဲ့ ပစ္စည်း ဖော်မလင် သုံးတာကိုတွေ့တယ်၊ ကလေးအစားအစာတွေမှာ အချိုရည်တို့ ဂျယ်လီတို့မှာ ဆိုးဆေးတွေသုံးတာ တွေ့ရတယ်”ဟု FDAဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဒေါက်တာပြည့်ဖြိုးက ပြောသည်။

လက်ရှိတွင် မည်သည့်လုပ်ငန်းအား တရားစွဲဆိုမည်ဖြစ်ကြောင်း မသိရသေးပေ။

“ နောက် နနွင်းမှုန့်ဆို လက်ဖက်မှာသုံးတဲ့ Auramine O ဆိုးဆေးသုံးထားတယ်။ ငရုပ်သီးမှုန့်တွေမှာလည်း ဆိုးဆေးသုံးထားတယ်၊ကွမ်းသီးတွေမှာ ကန့်ရိုက်တာတွေ များခြင်းနည်းခြင်းစစ်ဆေးဖို့ ၊ နေပြည်တော် ပို့ထားတဲ့နောက်တစ်ခုက Sudan Dyes ကို ကလေးတွေသောက်တဲ့အချိုရည်တွေမှာ သုံးတာ တွေ့ရတယ် ”ဟု ၎င်းဆိုသည်။

တရားစွဲဆိုမှုအား မြို့နယ် အစားဆေးဝါးကြီးကြပ်ကော်မတီဥက္ကဋ္ဌက တရားစွဲဆိုရမည်ဖြစ်ပြီး၊ ဥက္ကဋ္ဌမှာ မြို့နယ်ကျန်းမာရေးမှူး ဖြစ်သည်။

"ကုန်ပစ္စည်းအမျိုးအစားတွေက များတယ်။ ဈေးကွက်ထဲက ကောက်တာရှိတယ်၊ သတင်းရလို့ ကောက်တာရှိတယ်၊ဒေသမှာထုတ်လုပ်တဲ့ တံဆိပ်မပါဘူး ။ အသေးစား စားသောက်ကုန် လုပ်ငန်းတွေကို စစ်ဆေးပြီးကောက်တာတွေရှိတယ်”ဟု FDA ဈေးကွက်နမူနာ ကောက်ခံစစ်ဆေးခြင်းအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး တိုင်းတာဝန်ခံ ဒေါက်တာပြည့်ဖြိုးက ပြောသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ဇူလိုင်လအတွင်း ဟင်္သာတမြို့နယ်၊ ဌေးဝင်းဈေး၊ ပဒေသာဈေးနှင့် ဝါးတန်းဈေးများတွင် ပစ္စည်း ၄၅ မျိုးကို ဈေးကွက်နမူနာကောက်ပြီး စစ်ဆေးရာ ပဲပြားတံဆိပ်လေးမျိုးတွင် ဖော်မလင် တွေ့ရှိရပြီး၊နနွင်းမှုန့်တစ်မျိုးတွင် Auramine O ကို စစ်ဆေးတွေ့ရှိရပြီး၊ပဲသွေးတွင် ဖော်မလင်တွေရသည်။ ထို့နောက် ပဲပြားထုတ်လုပ်သည့်စက်ရုံများအား တစ်လ ပိတ်သိမ်းခဲ့သည်။

Rhodamine B မှာ အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်း၊ ညဆိုးကျိုးများဖြစ်ပေါ်ပြီး အများဆုံးငါးပိများတွင် အသုံးပြုမှုများသည်။

Auramine O ကြောင့် အဆိပ်အတောက်မဖြစ်စေနိုင်သော်လည်း ၊ခန္ဓာကိုယ်ကြီးထွားမှုကို ထိခိုက်စေခြင်း၊ အသည်းနှင့်ကျောက်ကပ်များ ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများဖြစ်ပွားစေနိုင်ပြီး လက်ဖက်များတွင် အများဆုံးအသုံးပြုခြင်းကိုတွေ့ရှိရပြီး၊ Sudan Dyes မှာ ငရုပ်သီးမှုန့်၊ အရောင်တင်မှုန့်များတွင် စစ်ဆေးတွေ့ရှိရပြီး၊ အသည်းကို အဆိပ်အတောက် ဖြစ်စေပြီး၊ ကျောက်ကပ် ပျက်စီးခြင်းဖြစ်စေနိုင်ပြီး၊ Orange ll ဆိုးဆေးမှာ အရောင်လှစေရန် သုံးပြီး၊ အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြောထိုင်းမှိုင်းခြင်း စသောဆိုးကျိုးများ ဖြစ်စေနိုင်သည်။

မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရှိရသော အစားအသောက်သုံးခွင့်မပြုသည့်ဆိုးဆေးများမှာ Auramine O၊Rhodamine B. Sudan Dyes OrangeII ဖြစ်ပြီး၊အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဓာတုဆိုးဆေးများကို လုံးဝအသုံးမပြုရန်၊လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ ၂၈(က)အရ တရားစွဲနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly