တစ်ရုပ်တည်းသာရှိသော ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်ထုနှင့် ရင်ပြင်နီ မြောက်ဥက္ကလာပတွင် ဖွင့်ပွဲပြုလုပ်

တစ်ရုပ်တည်းသာရှိသော ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်ထုနှင့် ရင်ပြင်နီ မြောက်ဥက္ကလာပတွင် ဖွင့်ပွဲပြုလုပ်

ရန်ကုန်   ဇူလိုင်   ၁၆  ။                   ။ နှစ်ပေါင်း ၂၈ နှစ်ကျော်သက်တမ်းရှိပြီဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်ထုနှင့် ရင်ပြင်နီကို ပြန်လည် မွမ်းမံပြီး ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပြည်သူ့ပန်းခြံတွင် ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့၊ နံနက် ပိုင်းက ပြုလုပ်ခဲ့သည်။

၁၉၈၉ ခုနှစ်ကတည်းက ဗိုလ်ချုပ်ရုပ်ထု ယင်းရုပ်တုသည် ပြုလုပ်ခဲ့ပြီး၊ နှစ်ပေါင်းများစွာယိုယွင်းပျက်စီးနေခဲ့ကာ မြောက်ဥက္ကလာပမြို့နယ်တွင် တစ်ရုပ်တည်းသာရှိကြောင်း သိရသည်။

ယင်းဗိုလ်ချုပ်ရုပ်တုအတွက် ယခုအစိုးရသစ် လက်ထက်တွင် ဗိုလ်ချုပ်ချစ်သူများအဖွဲ့က ပြည်သူများ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့က စပြီး ပြင်ဆင်မွမ်းမံခဲ့ကြခြင်း ဖြစ်သည်။

"ကိုမင်းကိုနိုင်ကလည်း ပြောပါတယ်။ မြို့တော်ဝန်ကလည်း ပြောသွားတယ်။ ဗိုလ်ချုပ်ရုပ်ရှိတာကောင်းတယ်။ ဒါပေမယ့် ၁ ရုပ်တည်းပေါ့၊ ကျွန်တော်တို့လည်း ဒီအတိုင်းပါပဲ၊ ၁ ရုပ်တည်း ရှိရပါလိမ့်မယ်၊ ကျွန်တော်တို့ မြို့ပေါ် မှာ ဒီထက်ပိုတာကိုလည်း လက်ခံမှာ မဟုတ်ပါဘူး။ ပိုခွင့်လည်း မရှိပါဘူး" ဟု ဗိုလ်ချုပ်ချစ်သူများအဖွဲ့မှ ဦးစိုးလွင်က ပြောသည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်ထုနဲ့ရင်ပြင်နီဖွင့်ပွဲအခမ်းအနားတွင် အကျွေးအမွေးများဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး၊ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများလည်း ပါဝင်ခဲ့သည်။

ထိုသို့ ပြည်သူများလှူဒါန်းငွေဖြင့် ပြုပြင်ခြင်းသာမက ပြည်သူများ အနားယူ၊ အပန်းဖြေနိုင်အောင် ရန်ကုန်တိုင်းဒေသကြီးအစိုးရဘတ်ဂျက်ဖြင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ကြိုးစားသွားမည်ဟု မြောက်ဥက္ကလာ၊ မဲဆန္ဒနယ်အမှတ် ၂ က လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောသည်။

"အန်ကယ်တို့ ဒီပန်းခြံမှာ ပြည်သူတွေ၊ သက်ကြီးရွယ်အိုတွေ အနားယူ၊ အပန်းဖြေ၊ လမ်းလျှောက်နိုင်အောင်၊ ကျန်းမာရေးလေ့ကျင့်ရေးတွေလုပ်နိုင်အောင် ရန်ကုန်တိုင်းဒေသကြီး အစိုးရဘတ်ဂျက်နဲ့ အဆင့်မြှင့်တင်သွား နိုင်ဖို့ အန်ကယ်တို့ တောင်းဆိုသွားမယ်" ဟု လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်ထုကို ပြည်သူတစ်ဦးချင်းစီ၏ ကျပ်ငွေ ၂၀၀၀ ထက်မပိုသည့် လှူဒါန်းငွေဖြင့့် စုစုပေါင်း ကျပ်ငွေ ၁၁ သိန်းနီးပါးကုန်ကျခဲ့ပြီး၊ ရင်ပြင်နီဆောက်လုပ်ရေးအတွက် ကျပ်သိန်း ၇၀  ကုန်ကျ ခဲ့ကြောင်း ဗိုလ်ချုပ်ချစ်သူများအဖွဲ့ထံမှ သိရသည်။

အဆိုပါအခမ်းအနားကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းက ဦးမင်းကိုနိုင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်များနှင့် ပြည်သူများ တက်ရောက်ခဲ့သည်။

ယနေ့ တောင်ဥက္ကလာပမြို့နယ်တွင်လည်း  ဗိုလ်ချုပ်ရုပ်ထု ၂ ခု တပြိုင်နက်တည်း ဖွင့်လှစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly