ရခိုင်ပြည်နယ် ရဲစခန်းများတိုက်ခိုက်မှုဖြစ်စဉ်မှ တရားခံပြေး ၆ ဦးကို ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် ရဲစခန်းများတိုက်ခိုက်မှုဖြစ်စဉ်မှ တရားခံပြေး ၆ ဦးကို ဖမ်းဆီးရမိ
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ

ရန်ကုန် ၊ ဇူလိုင် ၁၆ ။               ။ ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲစခန်းများ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ပါဝင်ခဲ့သည့် တရားခံပြေး  အမျိုးသား ၆ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ ဇူလိုင်လ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ တရားခံပြေး ၆ ဦးသည် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် ငါးခူရ ရဲစခန်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများ ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မောင်တောမြို့နယ် ၊ နယ်မြေ ၅ အောက်ပြူးမကျေးရွာ၌ တရားခံပြေးများ ရောက်ရှိနေသည်ဟု သတင်းရရှိခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့ရာ ငါးခူရ ရဲစခန်းအား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် အမှုမှတရားခံပြေး မော်လဝီအီခရစ် ၃၈ နှစ် ပါ အမျိုးသား ၆ ဦးကို  ဖမ်းဆီးရမိသည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး လက်ရှိ အချိန်အထိ တည်ငြိမ်မှုရရှိရန် အစိုးရက ကြိုးစားနေရဆဲဖြစ်ပြီး လက်ရှိအချိန်ထိ အဆိုပါနယ်မြေများတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲဖြစ်သည်။

အဆိုပါ အကြမ်းဖက်မှုဖြစ်စဉ်အပြီး အစိုးရမှ တည်ငြိမ်မှုရရှိရန် ဆောင်ရွက်မှုများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့သည်ဟု နိုင်ငံတကာမီဒီယာအသိုင်းအဝန်းများ ဝေဖန်ပြောဆိုမှုများလည်း ရှိနေခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly