ချန်ပီယံလိဂ်အိပ်မက်ကြောင့် အသင်းပြောင်းလိုကြောင်း အာဆင်နယ်ကို ဆန်းချက်ဇ် အသိပေး

ချန်ပီယံလိဂ်အိပ်မက်ကြောင့် အသင်းပြောင်းလိုကြောင်း အာဆင်နယ်ကို ဆန်းချက်ဇ် အသိပေး

ဇူလိုင် ၁၆၊ အင်္ဂလန် ။                    ။ ချီလီတိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်က သူ၏ချန်ပီယံလိဂ်အိပ်မက်ကြောင့် အသင်းပြောင်းရွှေ့လိုကြောင်း အာဆင်နယ်အသင်းကို အသိပေးပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရာသီက နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ခဲ့ရသည်။ ထို့ကြောင့် ဆန်းချက်ဇ်မှာ ချန်ပီယံလိဂ်ကစားခွင့်ရမည့် အသင်းတစ်သင်းသို့ ပြောင်းရွှေ့လိုလျက်ရှိနေသည်။

အမိနိုင်ငံချီလီသို့ ရောက်ရှိနေသည့် ဆန်းချက်ဇ်က ‘ဆုံးဖြတ်ချက် ချပြီးသွားပါပြီ။ အခု အာဆင်နယ်အသင်းဘက်က တုံ့ပြန်မှုကို စောင့်နေပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲကစားခွင့်ရဖို့နဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့က ကျွန်တော့်ငယ်ငယ်လေးကတည်းက မက်ခဲ့တဲ့ အိပ်မက်ပါပဲ’ ဟု ဆိုသည်။

ဆန်းချက်ဇ်မှ ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းကြောင့် ၎င်းကို ခေါ်ယူလိုနေသည့် မန်စီးတီး၊ ဘိုင်ယန်မြူးနစ်နှင့် ပီအက်စ်ဂျီအသင်းတို့အတွက် မျှော်လင့်ချက်များ တောက်ပလာခဲ့သည်။

လက်ရှိတွင် ဆန်းချက်ဇ်နှင့် အာဆင်နယ်အသင်းတို့၏ စာချုပ်မှာ တစ်နှစ်သာ ကျန်ရှိတော့သည်။ ထို့ကြောင့် အာဆင်နယ်အသင်းအနေဖြင့် ၎င်းကို ဆက်လက်ထိန်းသိမ်းထားခဲ့ပါက လာမည့်ရာသီတွင် အလွန်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရမည် ဖြစ်သည်။

အာဆင်နယ်အသင်းက ဆန်းချက်ဇ်ကို တစ်ပတ်လစာငွေ ပေါင်သုံးသိန်းအပြင် လာမည့်ရာသီ၌ ချန်ပီယံလိဂ်ဝင်ခွင့်ပြန်ရပါက လစာငွေကို ၂၀ ရာခိုင်နှုန်းထပ်မံတိုးမြှင့်ပေးမည်ဟု ကမ်းလှမ်းထားသော်လည်း ဆန်းချက်ဇ်ဘက်မှ ငြင်းဆန်ထားသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required