ကစားသမားသစ် ၂ ဦးခန့် ခေါ်ယူရန် လိုအပ်နေသေးကြောင်း မန်ယူနည်းပြ မော်ရင်ဟိုပြော

ကစားသမားသစ် ၂ ဦးခန့် ခေါ်ယူရန် လိုအပ်နေသေးကြောင်း မန်ယူနည်းပြ မော်ရင်ဟိုပြော

ဇူလိုင် ၁၆၊ အင်္ဂလန် ။               ။ မန်ယူနည်းပြ မော်ရင်ဟိုက ယခုနှစ်နွေရာသီအပြောင်းအရွှေ့တွင် ကစားသမားသစ် ၂ ဦးခန့် ခေါ်ယူရန် လိုအပ်နေသေးကြောင်း ပြောဆိုလိုက်သည်။

မန်ယူအသင်းသည် လက်ရှိတွင် ဘင်ဖီကာနောက်ခံလူ လင်ဒီလော့ဖ်နှင့် အဲဗာတန်တိုက်စစ်မှူး လူကာကူတို့နှစ်ဦးသာ ခေါ်ယူထားသေးသော်လည်း ပေါင် ၁၀၆ သန်းအထိ အသုံးပြုထားပြီး ဖြစ်သည်။ မန်ယူအသင်း၏အကြီးအကဲ အက်ဒ်ဝုဒ်ဝက်အနေဖြင့် အမေရိကန်ခြေစမ်းပွဲခရီးစဉ်သွားသည်အထိ ကစားသမားသစ်ထပ်မံခေါ်ယူနိုင်ခြင်း မရှိသေးသည်ကို နည်းပြ မော်ရင်ဟိုက စိတ်ပျက်လျက် ရှိနေသည်။

 ‘ကျွန်တော်တို့ရဲ့ အပြောင်းအရွှေ့က မပြီးဆုံးသေးပါဘူး။ လင်ဒီလော့ဖ်နဲ့လူကာကူတို့ကို ခေါ်ယူနိုင်ခဲ့ရုံလောက်နဲ့တော့ ကျွန်တော်မပျော်နိုင်သေးပါဘူး။ ဒီထက်ပိုပြီး ကစားသမားသစ်တွေခေါ်ဖို့ လိုအပ်နေပါသေးတယ်။ ကျွန်တော်တို့ ကစားသမားသစ် လေးယောက်လောက်လိုအပ်တာပါ။ ဒါကြောင့် အခုအချိန်မှာ ကစားသမားခေါ်ယူမှု ၅၀ ရာခိုင်နှုန်း ပြီးဆုံးသွားပြီလို့ ပြောနိုင်ပါတယ်။ ကစားသမားခေါ်ယူရတာက ခက်ခဲလွန်းတာကြောင့် ကျွန်တော်အများကြီးလည်း မပြောချင်ပါဘူး’ ဟု မော်ရင်ဟိုက ဆိုသည်။

လက်ရှိတွင် မော်ရင်ဟိုသည် ကွင်းလယ်ခံစစ်ပိုင်းကို အားဖြည့်လိုလျက်ရှိပြီး ချယ်လ်ဆီးမှ မာတစ်၊ ရိုးမားမှ နိုင်ဂိုလန်နှင့် စပါးမှ အဲရစ်ဒီယာတို့ိကို ခေါ်ယူရန် ပစ်မှတ်ထားလျက်ရှိသည်။

ချယ်လ်ဆီးအသင်းက မိုနာကိုကွင်းလယ်လူ ဘာကာယိုကိုအားခေါ်ယူခဲ့သည့်အတွက် မာတစ်မှာ အသင်းပြောင်းရန် နီးစပ်နေပြီ ဖြစ်သည်။ သို့သော် မန်ယူအသင်းက ချယ်လ်ဆီးတို့ ခေါ်ယူလိုသည့် လူကာကူကို ကြားဖြတ်ခေါ်ယူသွားသည့်အတွက် မာတစ်၏အပြောင်းအရွှေ့မှာ ခက်ခဲလျက်ရှိနေသည်။ မော်ရင်ဟိုကလည်း ချယ်လ်ဆီးအသင်း၊ ချယ်လ်ဆီးဥက္ကဋ္ဌနှင့် ချယ်လ်ဆီးကစားသမားများကို   လေးစားသည့်အနေဖြင့် ထိုအကြောင်းကို မပြောလိုကြောင်း ဆိုခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly