မြန်မာ ပုဂ္ဂလိကဆေးဝါးစက်ရုံကို ဇူလိုင်လအတွင်း ဖွင့်လှစ်တော့မည်

မြန်မာ ပုဂ္ဂလိကဆေးဝါးစက်ရုံကို ဇူလိုင်လအတွင်း ဖွင့်လှစ်တော့မည်

ရန်ကုန်၊ဇူလိုင်၁၅ ။           ။ မြန်မာနိုင်ငံတွင် ပထမဆုံး ပုဂ္ဂလိကဆေးဝါးစက်ရုံကို ဇူလိုင်၂၃ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး US FDA နှင့် Myanmar FDA နှစ်ခုလုံး၏ ဆေးဝါးစက်ရုံ ထုတ်လုပ်ခြင်း မှတ်ပုံတင်ရရှိထားသည်ဟု သိရသည်။

ယနေ့ ဇူလိုင်လ ၁၅ ရက်တွင် ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်တွင် အဆိုပါဆေးဝါးစက်ရုံ အကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ဆေးဝါးစက်ရုံမှ ဆေးတောင့်ဆေးပြား အမျိုးအစား ၅၀ ထုတ်လုပ်ရန် စီစဉ်ထားပြီး ဆေးတစ်ခုချင်း အတွက် မြန်မာနိုင်ငံ FDA ကို ပြန်တင်ပြရန်ရှိကြောင်း Pacific AA Groupရဲ့ အမှူဆောင် ညွှန်ကြားရေးမှူး ဒေါက်တာစောနေနွယ်က ပြောပြသည်။

"ပထမအဆင့်အနေနဲ့ ဆေးပြားတွေ တက်ဘလက်တို့ ၊ ကပ်ဆူးတို့လိုမျိုး အရင်ထုတ်မှာပါ။ ဒီအခြေခံဆေးဝါးတွေအကုန်လုံးကို အရင်ထုတ်မှာပါ။ ဒါ့အပြင် ရောဂါကုသဆေးကိုလည်း ထုတ်မှာပေါ့နော်။ အဲဒီမှာဆိုရင် ကလေးတွေအတွက် အားဆေးတွေ၊ အကိုက်အခဲပျောက်ဆေး၊ နောက် ရောဂါကုသဆေးတွေဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ အဆစ်မြစ်ရောင်တာတွေ အတွက် အကုန်လုံးထုတ်မှာပါ"ဟု ဒေါက်တာစောနေနွယ်က ပြောသည်။

ဆေးဝါးထုတ်လုပ်ရန်အတွက် ဓာတုကုန်ကြမ်းများကို ပြည်ပမှ တင်သွင်းမည်ဖြစ်ပြီး ကျန်ကုန်ကြမ်း များကို မြန်မာနိုင်ငံမှ တင်သွင်းမည် ဖြစ်သည်။

၎င်းစက်ရုံမှ ထုတ်လုပ်မည့်ဆေးဝါးများကို ဈေးနူန်းမသတ်မှတ်ထားရသေးသော်လည်း ဘင်္ဂလားဒေ့ရှ် နှင့် တရုတ်နိုင်ငံထုတ် ဆေးဝါးများထက် အရည်အသွေးကောင်းမွန်မည်ဖြစ်ကြောင်း သိရသည်။

"ဗူးထဲမှာပါတဲ့ Insert တွေအားလုံးက အနည်းဆုံးအင်္ဂလိပ်ဘာသာရှိရမယ်လို့ သူတို့ စည်းကမ်းတွေရှိပါတယ် ။ အဲဒါကြောင့် ကျွန်တော်တို့ကတော့ ဆေးတိုင်းမှာ အင်္ဂလိပ်လို ကပ်နှိပ်မှာ ဖြစ်ပါတယ်။ မြန်မာလိုရိုက်နှိပ်မလားဆိုတာတော့ FDA နဲ့ ဆက်ပြီးဆွေးနွေးမှာပဲဖြစ်ပါတယ်"ဟု ဆေးဝါးထုတ်လုပ်မည့် Pacific AA Group၏ ဥက္ကဋ္ဌ ဦးဇော်မိုးခိုင်က ပြောသည်။

အမေရိကန်ဒေါ်လာသန်း၂၀တန်ဖိုးရှိသည့် ၎င်းစက်ရုံကို Pacific Medical Industries Ltd.(PMI) ကုမ္ပဏီမှ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်ထားပြီး အမှိုက်စွန့်ပစ်ခြင်း၊   ရေဆိုးသန့်စင်စနစ်၊   လေထုသန့်စင်စနစ်များပါဝင်မည်ဖြစ်သည်။

လာမည့် ဇူလိုင်၂၃ ရက်တွင် စဖွင့်မည့် အဆိုပါစက်ရုံအတွက် ဝန်ထမ်း ၈၀ ဖြင့် စတင် လည်ပတ်သွားရန် စီစဉ်ထားပြီး နိုင်ငံခြားပညာရှင်များလည်း ပါဝင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required