ကိုယ်ပိုင်သံစဉ်ဆိုရတာ လွတ်လပ်ရေးရနေသလိုပဲဆိုတဲ့ ရင်ဂို

ကိုယ်ပိုင်သံစဉ်ဆိုရတာ လွတ်လပ်ရေးရနေသလိုပဲဆိုတဲ့ ရင်ဂို

တေးရေး/တေးဆို ရင်ဂို နှင့်တွေ့ဆုံခြင်း အပိုင်း(၁)

“ဝေဒနာလူ အတွေးလေမှာနှင်..မသေခင်တုန်း..အေးချမ်းသွားပါရစေ.. အကြင်နာကမ္ဘာလေးရယ် အေးချမ်းသောနေရာ..မမောတမ်းသွားမယ်” ဆိုတဲ့ ဝေဒနာလူ သီချင်း အပါအဝင် ပရိသတ်ရင်ထဲက သီချင်းအတော်များများကို သီဆိုနိုင်ခဲ့တဲ့  အဆိုတော်ရင်ဂိုနဲ့ မဇ္ဈိမက တွေ့ဆုံပြီး သူ့ဘဝ၊ သူ့အနုပညာ၊ သူ့ခံယူချက်တွေ မေးမြန်းထားပါတယ်။

မေး။ ဟိုးတလောက ကိုရင်ဂို တကိုယ်တော်ခွေလေးထွက်ထားတယ်လို့သိရပါတယ်အဲ့ဒီအကြောင်း ပရိသတ်ကို စုံစုံလင်လင်လေးပြောပြပေးပါဦး ခင်ဗျ။

ဖြေ။ ဟုတ်တယ် ၊ မတ်လ ၁၈ရက်နေ့က စဖြန့်တာ။ ၁၀ပုဒ်ပါတာပေါ့ “စနေနေ့စနေည”လို့ခေါ်တဲ့အခွေပါ။

မေး။ ဟုတ်။ အဲဒီခွေလေးမှာပါတဲ့ တေးရေးဆရာတွေ နောက်တီးခတ်ထားတဲ့ တီးဝိုင်းရယ် အသံသွင်းခဲ့တဲ့ စတူဒီယိုတွေလဲသိချင်ပါတယ်။

ဖြေ။ တီးခတ်ထားတာက Emperor၊ နောက်အကိုရယ် ကျားပေါက်ရယ် ကိုမြတ်မိုးရယ်။ ၃ယောက်တီးတာက ၃ပုဒ်ပါတယ်၊ Emperor က (၇)ပုဒ် ပေါ့။ စတူဒီယိုက အစ်ကို Drum တီးထားတာ ကိုဇော်ဝင်း Metal Zone Studio နောက် နဝရတ်၊ ကျားပေါက်က သူ့သူငယ်ချင်း Studio မှာ ဂစ်တာတီးတယ်။ သီချင်းရေးတာကတော့ အစ်ကို တယောက်တည်း ရေးတာပါ။ ၁၀ပုဒ်လုံး တစ်ယောက်တည်း ရေးတာ။

မေး။ အဲဒါတော့ တော်တော့်ကို ထူးထူးဆန်းဆန်းဖြစ်ရတဲ့ကိစ္စပေါ့နော်။ သီချင်းကို အခုမှ ဘယ်လိုစိတ်ကူးလေးနဲ့ရေးဖြစ်သွားတာလဲဆိုတာလဲ သိချင်ပါတယ်။

ဖြေ- အင်း သီချင်းရေးဖြစ်သွားတယ်ဆိုတာထက် အရင်တုန်းက ၂၀၁၅လောက်က စာအုပ်လေးတစ်အုပ်ထွက်တယ်။ စာရေးဆရာတော့မဟုတ်ပါဘူး။ စကားပြောတာလေးတွေကိုရေးထားတာ ရင်ဂို အဖေ့ဘွတ်ခ် ဆိုတဲ့စာအုပ်လေးပေါ့။ ကိုယ်ပြောချင်တဲ့ဟာလေးတွေကို စာနဲ့ချရေးလိုက်တယ်။ နောက် စာအုပ်ထုတ်လိုက်တယ်ပေါ့။ နောက် ကိုယ်ပြောချင်တာကို Melody နဲ့ပြောချင်တဲ့အခါလည်း ရှိတာပေါ။ အဲဒီတော့ ကိုယ် ပြောချင်တာလေးတွေကို ဂစ်တာကောက်ကိုင်လိုက်တယ်။ အဲဒါနဲ့ပဲ သီချင်း ဆယ့်လေးငါးပုဒ် ရေးဖြစ်တယ်။ အဲထဲ က ၁၀ ပုဒ် လောက်ကို ရွေးပြီး “စနေနေ့ စနေည ”ဆိုပြီး နာမည်ပေး အခွေ ထုတ်ဖြစ်တာပါ။

မေး။ အရင်တုန်းက အခွေ ကံကောင်းခြင်းလက်ဆောင်ကနေစလို့ တော်လျှောက်ပေါ့။ သူများရေးခဲ့ တာတွေဆိုခဲ့တယ်ပေါ့။ ကော်ပီရော ကိုယ်ပိုင်သံစဉ်ရော။ ခု ဒီဖက်ခေတ်ရောက်မှ ဘယ်လိုဖြစ်လို့ တစ်ယောက်တည်း သီချင်းရေးဖြစ်သွားတဲ့ အကြောင်းလေး သိချင်ပါတယ်။

ဖြေ။ အရင်တုန်းက တေးရေးဆရာတွေအပ်တယ်။ ဒါပေမယ့် ဒုတိယအခွေက စလို့ ကိုယ်ပိုင်သံစဉ် စဆိုဖြစ်ပါတယ်။ “မင်းမရှိတဲ့နေ့တွေ ညတွေ”အဲဒီသီချင်းဆိုရင် ကိုမင်းချစ်သူရဲ့ စာသားနဲ့  ကိုညီထွဋ်ရဲ့ သံစဉ်ပေါ့။ အဲ့တုန်းထဲက ဆိုချင်ပါတယ်။ ဒါပေမယ့်လဲ ကော်ပီခေတ်ကို ဖြတ်သန်းနေတော့ ကော်ပီကို ဆိုဖြစ်တယ်ပဲ ပြောရမှာပေါ့။ နောက်ပိုင်းမှာတော့အလုပ်လေးလည်း အားလာပြီဆိုရင် လုပ်စရာရှိတာလုပ်မယ် စာရေးမယ်။ နောက် အဲဒီစာကို မယ်လိုဒီထည့်မယ်။ သီချင်းရေးမယ်။ ခုလို အခွေထွက်ဖြစ်သွားတယ်ပြောရမှာပေါ့။

မေး။ အဲဒီတုန်းက သူမျာရေးပေးတဲ့ သီချင်းတွေဆိုရတာနဲ့ အခုကိုယ်ပိုင်ဖန်တီးတဲ့ဟာကို ဆိုရတာ ခံစားချက် ကွာခြားပုံလေးလည်း သိချင်ပါတယ် ခင်ဗျ။

ဖြေ။ သူများရေးတာ အစ်ကိုရေးတာထက် ကော်ပီ နဲ့ကိုယ်ပိုင်သံစဉ်ဆိုတဲ့ ၂မျိုးကို ပြောချင်တာပေါ့လေ။ ကော်ပီဆိုရတာ နည်းနည်း ခက်ခဲတယ်။ ပင်ပန်းတယ်။ သူများကို ပုံတူကူးချရတာဆိုတော့ သူတို့ကို မမှီတာကတော့အမှန်ပေါ့။ ဒါပေမယ့် ကိုယ်ပိုင်သံစဉ်ဆိုတဲ့ဟာကတော့ လွတ်လပ်တယ်။ ကိုယ်ဆိုချင်တဲ့   Key နဲ့ဆိုမယ်။ ကိုယ် ထည့်ချင်တဲ့စကားလုံးတွေထည့်မယ်။ ကိုယ် ဆိုချင်တဲ့ အပိုဒ်ပဲ ဆိုမယ်။ မဆိုချင်တာ ဖြုတ်မယ် တိုချင်တိုမယ် ရှည်ချင်ရှည်မယ်။ ပြောရမယ်ဆိုရင် လွတ်လပ်ရေး ရနေတယ်လို့ ပဲပြောရမှာပေါ့ ကိုယ်ပိုင်သံစဉ်ဆိုရင် ။   

မေး။ အခုဒီအခွေထဲမှာပါတဲ့သီချင်းအမျိုးအစားတွေရော ခင်ဗျ။

ဖြေ။ ဒီသီချင်းတွေရဲ့ အခြေခံကတော့ ဒီ (၁၀)ပုဒ်လုံးကRock အမျိုးအစားတွေပါ ။     

မေး။ ဒီအခွေပေါ်မှာ အစ်ကို့အနေနဲ့ ကျေနပ်အားရမှုရော ရှိပါသလား။ ဘာများပြောချင်လဲမသိဘူး။

ဖြေ။ လူဆိုတာကတော့ ဘယ်တော့မှပစ္စုပ္ပန်ကို ကျေနပ်တယ်မရှိပါဘူး။ အတိတ်ကိုလည်း မကျေနပ်ခဲ့ဘူး။ ပစ္စုပ္ပန်ကိုလည်း အားမရပါဘူး။ အနာဂတ်ကို ဆက်ပြီး ရေးဦးမယ် ကြိုးစားဦးမယ် ပုံဖော်ဦးမယ်ဆိုတဲ့စိတ်ကူးပဲ ရှိပါတယ်။ ဘယ်အသက်အရွယ်ရောက်ရောက်ပေါ့။

မေး။ ပရိသတ်ကိုယ်စား ကျွန်တော်ပဲ မေးပါရစေ။ ရင်ဂို ဆိုတာဘယ်လို လူမျိုးလဲပေါ့။

ဖြေ။ သိပါတယ် ကိုယ့်ကိုကိုယ်။ ဘယ်လိုကောင်လဲဆိုတာ  ငယ်ငယ်တုန်းက မင်းမင်းလတ်တို့ ပလေးဘွိုင်ကိုသန်းနိုင်တို့ အားကျတယ်။  နောက် အရွယ်လေးရလာတော့ ရှေ့မှာ Rock  ဆိုနေကြတဲ့သူတွေကို အားကျတာပေါ့ ။ တကယ်  ခေါင်းထဲ မှာရှိတာ တကယ်ဆိုချင်တာတော့ Rockပေါ့။ ဒါပေမယ့်လဲ မြန်မာပြည်မှာက ကိုယ် လုပ်ချင်ရာ လုပ်လို့ရနေတဲ့ ဘ၀ မဟုတ်ဘူးလို့အစ်ကိုတွေ့ပါတယ်။ ကို ယ့် အရေး ကိုယ့် မိသားစုအရေး ရှေ့ရေးတွေ ရှိသေးတယ်ဆိုတော့  ဆိုခိုင်းတဲ့သီချင်းလေးတွေလည်း ဆိုပါတယ်။ ဒါပေမယ့် အဲ့ဒီသီချင်းအပေါ်မှာ သစ္စာရှိပါတယ် ။ ဥပမာ သြင်္ကန်သီချင်းပဲ ဆိုဆို  တလောက ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးအံ့ကြီး သီချင်းဆိုခိုင်းလည်း ဆိုပါတယ် ။ ဒါပေမယ့် စိတ်ဝင်တစား ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကို့ဦးလေးတွေ ကိုယ့် အဒေါ်တွေက ဒီသီချင်းတွေဖွင့်နေတဲ့အချိန် ကြားခဲ့ရတယ်။ နာယူခဲ့ရတယ်ဆိုတော့ ဒါလေးတွေတော့ ဆိုတတ်ပါတယ်။ ဒါပေမယ့် ဗမာသံစစ်စစ်ကိုတော့ ကိုယ်မဆိုတတ်ပါဘူး။ ဝန်ခံပါတယ် ။ April ဆို  Shopping Mall တွေမှာ ဖွင့်နေတာကြားပါတယ်။ အစ်ကိုကျေနပ်ပါတယ် ။ ဒါကြောင့် ပရိသတ်က ဘာကြိုက်တယ်ဆိုတာလည်း အစ်ကို သိတယ် ။ အစ်ကို ဘာဆိုချင်တာလဲဆိုတာလည်း အစ်ကို သိပါတယ် ။ အဲ့ဒီတော့ သိတဲ့ကြားကပဲ ကိုယ့် ရင်ဘတ်ထဲမှာရှိတဲ့ ဂီတကို ပရိသတ်လက်ခံမယ့် Slow တွေဖက် ပြောင်းပြီးဆိုပါတယ် ။

မေး။ ဟုတ်ကဲ့ပါ။ ခုနပြောသွားတဲ့အထဲ အဖေ့ဘွတ်ခ် ဆိုတဲ့ စာအုပ်လေးအကြောင်းကလဲ စိတ်ဝင်စားဖို့ကောင်းပါတယ် ။

ဖြေ။  ဒီစာအုပ်လေးက ဘယ်သူမှ သိပ်မသိကြဘူး။ သမီးနဲ့သားက အားပေးလို့လေ။ အဖေရဲ့ငယ်ဘ၀ အကြောင်းလေးတွေ ပြန်ပြောပြနေတာ ဟိုဂျာနယ်တွေမဂ္ဂဇင်းတွေမှာ မပါလည်း ဘာဖြစ်လဲ ။ စာရွက်ပေါ်မှာ ရေးထားပါလား ဆိုတာနဲ့ စရေးလိုက်တာ တစ်ပုဒ်က နံနက်ခင်းဂျာနယ်က စတင်ပြပေးတာ ။ အဲ့ဒါ ဒီစာအုပ်ထဲ မှာ တစ်ပုဒ် ပါတယ်။ စီးကရက်သယ်လေး ၂ယောက်ဆိုတာ ကျောင်းတက်တုန်းက ခလေးလေး နှစ်ယောက်အကြောင်းကိုရေးတာ ။ အဲဒီကတည်းက စရေးလိုက်တာ ၂၇ပုဒ်လည်း ပြည့်ရော ၊ ကျားပေါက်က စာအုပ်လေးထုတ်ပေးတာပါ ။ စာအုပ်လေးဖြစ်တော့ ဂစ်တာလေးကောက်ကိုင်လိုက်ရင်သီချင်းဖြစ်မှာပဲဆိုပြီး သီချင်းလေးတွေပါ ဆက်ရေးဖြစ်တာပါ..။

မေး-။ ကျွန်တော်တို့အရင် ၂၀၀၀ခုနှစ်လောက်က သီချင်းတွေ သွားဆိုတုန်းက အစ်ကိုပြောခဲ့တာလေး အမှတ်ရလို့ပါ ။ သီချင်းဆိုတဲ့သူတယောက်ဟာစင်ပေါ်မှာ ရိုးသားရမယ် .. အဲ့ဒီအကြောင်းလေး အခု ပြန်ပြောပြပါလား

ဖြေ-။ ရိုးသားတယ်ဆိုတာက စင်ပေါ်မှာဆိုမှမဟုတ်ဘူး အသံသွင်းတုန်းကတည်းက ရိုးသားသင့်တယ်လို့မြင်ပါတယ် ။ ဘာလို့လဲဆိုတော့ကိုယ့်လည်ချောင်းထဲ မှာရှိတဲ့အသံနဲ့ပဲ ဆိုသင့်တယ်။ ဒီစာသားကို ရုပ်ရှင်တစ်ခုကြည့်သလို ဝထ္ထုတစ်ပုဒ်ဖတ်သလို ခံစားပြီးတော့ဆိုမယ်။ ဘယ်သူတော့ ဘယ်လိုကွန့်လိုက်လို့ကြိုက်သွားမယ်ဆိုပြီးတော့ မဆိုသင့်ဘူးလို့ပြောတာ။ အဲ့ဒါပြောတာပါ။ ဆိုတတ်တဲ့သူက ဆိုတတ်သလောက်ဆို ၊ မဆိုတတ်တဲ့ သူလဲ ကိုယ်ဆိုတတ်သလောက်ပဲ ဆိုပါပေါ့။ တကယ်ခံစားပြီး ဆိုဖို့ပဲ လိုတယ် ဒီလိုပဲမြင်တယ်။ အစ်ကိုတို့ဆို ငယ်ငယ်က အတီးသမားပဲ။ ကောင်းကောင်းမဆိုတတ်ဘူး။  ဒီ Professional လို မဆိုတတ်ဘူးလို့ပြောတာပါ။ လမ်းဘေးမှာဆိုခဲ့တယ်။ စင်ပေါ်မှာဘယ်တော့မှမဆိုဘူး။ တီးပဲ တီးတာ။ သူများနောက်ကွယ်က သူများကိုပံ့ပိုးပေးတာ  ။ အဲ့တော့ ဘယ်သူကို တုပြီးတော့ ဘယ်သူ့လိုဆိုမှကြိုက်မှာ ။ အဲလိုမျိုး ဆိုဖို့ မဖြစ်စေချင်ဘူးလို့ ။ အဲ့လို သဘောမျိုးပြောတာပါ။ ရိုးသားစေချင်တာပါ တခြား အမြင့်ကြီးပြောတာမဟုတ်ပါဘူး ။ ကိုယ် ဆိုတတ်သလောက်လေးဆိုလို့ ပရိသတ် လက်ခံရင်လဲ လက်ခံမှာပဲလေ။ အဲ့ဒါပြောတာပါ ။

အင်တာဗျူးအပိုင်း(၂)-http://www.mizzimaburmese.com/article/29283

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly