ပဲပြားအုန်းနို့နှပ်ဟင်း

ပဲပြားအုန်းနို့နှပ်ဟင်း

မင်္ဂလာပါ…………….။

ဒီတစ်ပတ်အတွက်ကတော့ ဝါတွင်းကာလ သားသတ်လွတ်စားချင်သူတွေ အသားဟင်းစားရတာ ငြီးငွေ့လာတဲ့သူတွေအတွက် ပဲပြားအုန်းနို့နှပ်ဟင်းလေး ချက်ထားပါတယ်။ ပဲပြားအုန်းနို့နှပ်ဟင်းလေး က အရသာရှိပြီး ထမင်းမြိန်စေမှာမို့ ဟင်းချက်ဖို့ လိုအပ်တာတွေ အရင်ဆုံး စတင်ပြင်ဆင်ပါမယ်။

လိုအပ်တာတွေကတော့

အုန်းနို့ အနည်းငယ်(ဒီမှာတော့အုန်းသီး တစ်လုံးကို ခြစ်ပြီးရတဲ့အုန်းနို့ လတ်လတ်ဆတ်ဆတ်လေး သုံးထားပါတယ်။ Ready Made အုန်းနို့ဘူးလည်း အသုံးပြုနိုင်ပါတယ်။)

ပဲပြား  ၃တွဲ

ခရမ်းချဉ်သီး ၃လုံး

ငရုတ်သီး အပုမှုန့် အနည်းငယ်

ကြက်သွန်ဖြူ /နီ  အနည်းငယ်တို့ လိုအပ်ပါတယ်။

ပဲပြားကို ရေ ဖွဖွလေးဆေးပါ။ ပြီးရင် အနေတော်အတုံး တုံးပါ။ ဆား ဆနွင်း ပါးပါလူးပြီး အပေါ်ယံကြော တင်းရုံလောက်ကြော်ပြီး အအေးခံထားပါ။ ငရုတ်သီး အပုမှုန့်  ကြက်သွန်ဖြူ /နီ ကို ညက်ညက်လေး ထောင်းထားပါ။ ခရမ်းချဉ်သီးကို ပါးပါးညှပ်ထားပါ။ ပြီးရင်တော့ ငရုတ်သီးထောင်းကို ဆီသတ်ပါ။ ခရမ်းချဉ်သီး ထည့်ကြေအောင်ချေပါ။ 

ခရမ်းချဉ်သီးကျေပြီဆိုရင်တော့ ကြော်ထားတဲ့ ပဲပြားလေးတွေကို ထည့်ပါ။ပြီးရင် အုန်းနို့ထည့်ပါ။ မီးအေးအေးနဲ့ အဖုံးအုပ်ချက်ပါ။ အိုးမကပ်အောင်တော့ မကြာခဏမွှေပေးရပါမယ်၊

အုန်းနို့ အရည်ခမ်းပြီး ဆီပြန်လာရင်တော့ ချို ချဉ် ဆိမ့် အရသာရှိပြီး  အုန်းနို့နံ့ မွှေးမွှေးလေးနဲ့ ပဲပြားဟင်းလေးရပါပြီ။

ချက်ရတာ အချိန်လည်း အရမ်းမကြာပေမယ့် အရသာရှိတဲ့ ဟင်းတစ်ခွက် ရရှိပါပြီ။ အုန်းနို့ များများထည့်လေး ဆိမ့်ဆိမ့်လေးနဲ့ စားကောင်းလေပါပဲ။ အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly