၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ပါတီက သတိပေးစာထုတ်

၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ပါတီက သတိပေးစာထုတ်

ရန်ကုန် ၊ ဇူလိုင် ၁၅ ။          ။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက သတိပေးဆုံးမကြောင်း ပါတီတွင်းစာထုတ်ပြီး ညွှန်ကြားထားကြောင်းသိရသည်။

"ကျွန်တော်တို့ဘက်ကတော့ ပါတီအနေနဲ့ တွေ့ပြီးတော့ ပြောသင့်တာတွေတော့ လူကြီးတွေက ပြောပါတယ်။ အဓိက ကတော့ ဆင်ခြင်ဖို့ ပြောတာပါပဲ" အမျိုးသားဒီမိုကရေစီပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် ဦးဉာဏ်ဝင်း က အတည်ပြု ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ဦးဖြိုးမင်းသိန်းက “အရပ်သားအုပ်ချုပ်ရေးစနစ် တက်လာပေမယ့် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး ဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိပါဘူး။ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ ကျွန်တော်တို့ Protocol အရဆိုရင် ညွှန်ကြားရေးမှူးချုပ် Level ပဲဖြစ်ပါတယ်” ဆိုသည့် စကားကို လိုအပ်သလို စိစစ်အရေးယူပေးရန် တပ်မတော်က နိုင်ငံတော်အစိုးရထံ တိုင်ကြားခဲ့သည်။

ယင်းစကားများကို ဇူလိုင်လ ၉ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် USAID နှင့် FHI တို့ ပူးပေါင်းပြုလုပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအတွက် အလုပ်အကိုင်ဖန်တီးပေးရေး အရပ်ဘက်အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံ ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့နောက် ယင်းကဲ့သို့ ဆင်ခြင်ပြောရန် ပါတီတွင်းစာထုတ် ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောဆိုချက်သည် နိုင်ငံတော်အစိုးရ၏ ရပ်တည်ချက် သဘောထားမဟုတ်ကြောင်း ၊ ဦးဖြိုးမင်းသိန်း ဆက်လက် ဆောင်ရွက်ရမည့်အပိုင်းကိုလည်း အစိုးရမှ ညွှန်ကြားထားပြီးဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဖြေဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly