၂၀၁၈ နှစ်ဆန်းပိုင်းတွင် ပါတီမှတ်ပုံတင်မည် ဦးကိုကိုကြီးပြော

၂၀၁၈ နှစ်ဆန်းပိုင်းတွင် ပါတီမှတ်ပုံတင်မည် ဦးကိုကိုကြီးပြော

ရန်ကုန်၊ ဇူလိုင် ၁၅ ။           ။ ၂၀၁၈ နှစ်ဆန်းပိုင်းတွင် နောက်ဆုံးထားကာ ပါတီမှတ်ပုံတင်ရေးဆောင်ရွက်ရန် သတ်မှတ်ထားသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သည့် ၈၈ မျိုးဆက်မှ ဦးကိုကိုကြီး ကပြောဆိုလိုက်သည်။

" ကျွန်တော်တို့က ဒီနှစ်ကုန် ရှေ့နှစ်ဆန်းလောက်မှာ ပါတီကိုမှတ်ပုံတင်မယ်။ မှတ်ပုံတင်ပြီးရင် ဥပဒေပြဌာန်းချက်အတိုင်း သတင်းစာထဲထည့်တာ ပါတီအမှတ်တံဆိပ်ကြေညာတာ အစရှိတာလုပ်ပြီးတော့ ပါတီမှတ်ပုံတင်ပြီးရင် ကော်မရှင်ကလည်းစုံစမ်းစစ်ဆေးဦးမှာပေါ့ ပြီးတော့မှ အကြောင်းကြား လာတဲ့ အခါကျရင် တရားဝင် ပါတီအဖြစ်နဲ့စတင်ပြီးလည်ပတ်မှာပေါ့ " ဟု ၎င်းကပြောဆိုသည်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပီယဘုန်းတော်ကြီးကျောင်းတွင် ၈၈ မျိုးဆက်မှဦးဆောင်ပြီး ပြုလုပ်ခဲ့သည့် နိုင်ငံရေးပါတီတစ်ရပ်ပေါ်ထွန်းလာရေး နှင့်ပက်သက်သည့် ဆွေးနွေးပွဲ တွင်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းမည့်ပါတီသည် မိမိတို့၏ ရပ်တည်ချက် မူဝါဒများနှင့်သာ ဆောင်ရွက်သွားမည်ဖြစ်ပြီး NLD အစိုးရ၏ အတိုက်အခံပါတီအနေဖြင့် ပြုလုပ်သွားမည် မဟုတ်ကြောင်း ပါတီဖွဲ့စည်းရာတွင် ပါဝင်သည့် ဦးကိုကိုကြီးက ပြောသည်။ ပါတီကို ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းအနေဖြင့် ဖွဲ့စည်းမည်မဟုတ်ဘဲ တစ်ဦးတစ်ယောက်ချင်းစီ စုပေါင်းဖွဲ့စည်းသွားမည် ဖြစ်ပြီး လက်ရှိတွင် ပါတီမူဝါဒများကို အတည်ပြုနိုင်ရန် အတွက် လူ ၁၄၀ ခန့်က ယနေ့ (ဇူလိုင် ၁၅) တွင် ဆွေးနွေးနေကြခြင်း ဖြစ်သည်။

" ဗဟိုဦးဆောင်ကော်မတီဖြစ်လာရေးအတွက်ကို ဝိုင်းပြီးပံ့ပိုးကြတဲ့သဘောပါပဲ။ အလုပ်အများကြီးလုပ်နိုင်တဲ့ ပါတီတစ်ခုဖြစ်အောင်ပဲ ဒီဟာကို စုစည်းကြတဲ့သဘောပါ " ဟု ပါတီဖြစ်မြောက်ရေး ဧရာဝတီတိုင်းတာဝန်ခံ ဦးအောင်ကျော်က ပြောဆိုသည်။

ဆွေးနွေးပွဲကို အနယ်နယ်အရပ်ရပ်ကကိုယ်စားလှယ်များမှ ဇူလိုင် ၁၅ မှ ၁၆ ရက် ညနေပိုင်းအထိ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပီယဘုန်းတော်ကြီးကျောင်းတွင် ပါတီမူဝါဒများကို အတည်ပြုနိုင်ရန် ၈၈ မျိုးဆက်မှဦးဆောင်ပြီး ဆွေးနွေးကြမည်ဖြစ်သည်။

ပါတီ ဖွဲ့စည်းပြီးပါက ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည်ဟုလည်း သိရသည်။

မတ်လ ၂ ရက်နေ့က နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်သော ကိုကိုကြီး ၊ သက်ထွန်း၊ မင်းဇေယျာတို့ ဦးဆောင်ပြုလုပ်သော နိုင်ငံရေးပါတီတစ်ခု ပေါ်ထွက်လာရေး တွေ့ဆုံဆွေးနွေးသည့် သတင်းစာရှင်းလင်းပွဲတစ်ရပ် ယနေ့ ပြုလုပ်ခဲ့ပြီး ပါတီတစ်ရပ်ထူထောင်ရန် လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ပါတီအမည် ထုတ်ပြန်ကြေညာထားခြင်းမရှိသေးဘဲ ၈၈ မျိုးဆက်မှ အပါအဝင် နိုင်ငံရေးသမားများ စုစည်းတည်ထောင်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly