ဟိုနိုလူလူရှိ အထပ်မြင့်အဆောက်အဦးတွင် မီးလောင်ကျွမ်းမှုကြောင့် ၃ဦးသေဆုံး

ဟိုနိုလူလူရှိ အထပ်မြင့်အဆောက်အဦးတွင် မီးလောင်ကျွမ်းမှုကြောင့် ၃ဦးသေဆုံး

ဟိုနိုလူလူ ၊ ဇူလိုင် ၁၅  ။            ။ ဟာဝါအီကျွန်းမှ ဟိုနိုလူလူမြို့ရှိ အထပ်များစွာပါသော ကွန်ဒိုတိုက်ကြီးတစ်ခုတွင် သောကြာနေ့က မတော်တဆ မီးလောင်ကျွမ်းခဲ့သောကြောင့် အနည်းဆုံး ၃ဦး သေဆုံးခဲ့ပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့ကာ တိုက်အတွင်း၌ အလိုအလျောက် မီးဖျန်းသတ်ပေးသည့် ပိုက်ခေါင်းများ တပ်ဆင်ထားခြင်း မရှိသောကြောင့် မီးလောင်ကျွမ်းမှု ပိုမိုပြင်းထန်ခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

မီးသည် ဒေသစံတော်ချိန် ညနေ ၂: ၁၅ နာရီခန့်က မာကိုပိုလို အထပ်မြင့်တိုက်ခန်းတွင် ၂၆ထပ်မြောက်မှ စတင်လောင်ကျွမ်းခဲ့ပြီးနောက် ၂၈ ထပ်အထိ ကူးစက်သွားခဲ့ကာ သေဆုံးသူများကို မီးစတင်လောင်ကျွမ်းသည့် အထပ်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ အကြီးအကဲဖြစ်သူ မန်နျူရယ်နီဗက်စ်က ပြောခဲ့သည်။

မီးသတ်သမားများသည် ပျက်စီးသွားသော နေရာများတွင် ရှာဖွေရေးများဆက်လက် ပြုလုပ်နေကြပြီး ကျန်ရှိနေ နိုင်သေးသော သေဆုံးသူများကို သေချာရှာဖွေနေကြသည်။

အထပ် ၃၆ ထပ်မြင့်သော အဆိုပါအဆောက်အဦးကို လွန်ခဲ့သော ၁၉၇၁ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ထိုအချိန်က အလိုအလျောက်မီးဖျန်းသတ်ပေးသည့် ပိုက်ခေါင်းကရိယာများ မပေါ်သေးကြောင်း သိရသည်။

“ဒီတိုက်ခန်းမှာသာ အလိုအလျောက်မီးဖျန်းသတ်ပေးတဲ့ ပိုက်ခေါင်းတွေသာ ရှိခဲ့မယ်ဆိုရင် မီးဟာ ဒီလောက်ထိ ဆိုးရွားသွားစရာ အကြောင်းမရှိပါဘူး” ဟု နီဗက်စ်က ဆက်ပြောခဲ့သည်။

ဒါ့အပြင် ပြင်းထန်သောဒဏ်ရာရရှိခဲ့သည့် မီးသတ်သမားတစ်ဦးအပါအဝင် အခြားလူ ၄ ဦးကို ဆေးရုံသို့ ပို့ဆောင်ကုသပေးနေကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

မီးတောက်ကြီးသည် စတင်လောင်ကျွမ်းသည့်အချိန်မှစ၍ နေမဝင်ခင်အထိ ၄ နာရီခန့်လောင်ကျွမ်းခဲ့ကြောင်း အာဏာပိုင်များက ဆက်လက်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required