သေနတ်သမားကြည်လင်းကို ဖမ်းဆီးရာတွင်ပါဝင်ခဲ့သူ ရဲတပ်သားလိုပြသက်သေနှစ်ဦးအား စစ်ဆေး

သေနတ်သမားကြည်လင်းကို ဖမ်းဆီးရာတွင်ပါဝင်ခဲ့သူ ရဲတပ်သားလိုပြသက်သေနှစ်ဦးအား စစ်ဆေး

ရန်ကုန်၊ ဇူလိုင်လ ၁၄ ။          ။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဥပဒေအကြံပေးရှေ့နေ ဦးကိုနီအား သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခဲ့သူ ဖြစ်သည့် ကြည်လင်းအား ဖမ်းဆီးရာတွင်ပါဝင်ခဲ့သူ အဓိကကျသော ရဲတပ်သား တရားလိုပြသက်သေ နှစ်ဦးကို လူသတ်မှုအတွက် ယနေ့ ဇူလိုင်လ ၁၄ရက်တွင် စစ်ဆေးခဲ့သည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ယနေ့ ဇူလိုင်လ ၁၄ ရက် ရုံးချိန်းတွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၌ သေ နတ်သမားကြည်လင်းအပါ ၄ ဦးကို ရုံးထုတ်ခဲ့ကာ လူသတ်မှုအတွက် အဓိကကျသော ရဲတပ်သား နိုင်အောင် နှင့် ရဲတပ်သား သက်အာကာစိုးတို့ကို တရားခွင်တွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းတရားလိုပြနှစ်ဦးမှ တရားခွင်တွင် ထွက်ဆိုချက်များမှာ အမှုသံကြိုးကွင်းဆက်အတွက် အဆင်ပြေကြောင်း အငှားယာဉ်မောင်းကိုနေဝင်း မိသားစုဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသော တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

“ စွပ်စွဲခံရသူကြည်လင်းကို လက်ရဖမ်းဆီးရေးမှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ သူတို့ရဲ့ ထွက်ဆိုချက်တွေက သံကြိုးကွင်းဆက်တော့ မိပါတယ်။ သေနတ်သံကြားတဲ့အကြောင်း၊ သူတို့ကို နောက်ကနေ လိုက်တယ်။ ကား ပေါ်မှာမိတယ်။ နောက် အထက်အရာရှိ တင်မင်းဦးကနေ အမိန့်ပေးတော့ လက်ထိပ်ခတ်တယ်။ လွယ်အိတ်ထဲ ရှာတယ်။ သေနတ်တွေ တွေ့တယ်။ တွေ့ရှိတဲ့ သေနတ်တွေကို ရဲအုပ်မိုးနိုင်ကို ပေးအပ်လိုက်တယ် ဆိုတဲ့ အကြောင်း သူတို့ အသေးစိတ် ထွက်ဆိုသွားပါတယ် ”ဟု နေဦးရောဘတ်စန်းအောင်က ပြောသည်။

ရှေ့နေဦးကိုနီအသတ်ခံရမှုတွင် လူသတ်မှုအတွက် စစ်ဆေးရန် တရားလိုပြသက်သေများမှာ အယောက် ၈ဝ ထိ ရှိပြီး ယနေ့ ဇူလိုင်လ ၁၄ ရက်ရုံးချိန်းတွင် စွပ်စွဲခံသူများဘက်မှ လိုက်ပါဆောင်ရွက်ပေးသော ရှေ့နေများက သက်သေထွက်ဆိုချက်များကတူညီနေသည့်အတွက် အမှုကြန့်ကြာခြင်းမရှိအောင် ရုံးချိန်းတစ်ချိန်းလျှင် လိုပြ သက်သေ ၃ ဦးထိစစ်ဆေးသင့်ကြောင်း အထူးခုံရုံးသို့ တင်ပြခဲ့သည်။

“ ဒီအမှုကို ဖြစ်နိုင်ရင် ကျွန်တော်ဆန္ဒကတော့ တစ်ချိန်းကို ဘယ်လိုပဲဖြစ်ဖြစ် ၅ ယောက် လောက် အထိ စစ်ရင် ပိုကောင်းမယ်ဗျာ။ အချိန်ကြာလေ အာရုံမှာ မေ့ပျောက်လေ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် စွပ်စွဲခံရသူဘက်က တင်ပြတဲ့အချက်ကိုတော့ ကျွန်တော်တို့လည်း လက်ခံပါတယ်” ဟု ဦးရောဘတ်စန်းအောင်က ဆိုသည်။

အဆိုပါ ကြည်လင်းအပါအဝင် ၄ ဦးနှင့် သက်ဆိုင်သည့် လူသတ်မှုအတွက် ဇွန်လ ၃ဝ ရက်နေ့ ရုံးချိန်းမှ စတင်ကာ တရားလိုပြသက်သေအဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ကျရဲအရာရှိရဲအုပ်မိုးနိုင် အားလည်းကောင်း၊ ဇူလိုင်လ ၇ ရက်နေ့ ရုံးချိန်းတွင် မြန်မာနိုင်ငံလေကြောင်းရဲတပ်ဖွဲ့မှ ရဲအုပ်အေးမင်းသူနှင့် လေဆိပ်လှည့်ကင်းတာဝန်ခံ ရဲအုပ်အောင်ကျော်ထွန်းတို့အားလည်းကောင်း စစ်ဆေးခဲ့ပြီးဖြစ်သည်။

“ ဒီသက်သေတွေက ကျန်တဲ့ လက်နက်မှုရှိပါမယ်။ အောင်ဝင်းခိုင်နဲ့ ပတ်သက်ပြီးတော့ ရာဇဝတ်အထွေထွေမှု ရှိပါမယ်။ ဒီလူသတ်မှုရှိပါမယ်။ လူသတ်မှုရဲ့ သက်သေအရေအတွက်က ပိုမိုများပြားတာဖြစ်တဲ့အတွက် ဒီလူသတ်မှုကိုပဲ အဓိကဦးတည်ပြီးတော့ အထူးခုံရုံးကနေ စစ်ဆေးနေတာဖြစ်တဲ့အတွက် နောက်ရုံးချိန်းမှာ လူသတ် အမှုအတွက် လိုပြသက်သေတွေကို ဆက်လက်စစ်ဆေးသွားမှာဖြစ်ပါတယ်။ လက်နက်မှုကတော့ ဒီလူသတ်မှုနဲ့ တွဲပြီးတော့ တင်ပြရန်ဆိုပြီးတော့ ရုံးချိန်း ချိန်းဆိုထားခြင်းပဲရှိပါတယ်”ဟု ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး ဦးရဲလွင်က ပြောသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး လာမည့် ဇူလိုင်လ ၂၁ ရက်နေ့အား ရုံးချိန်း ထပ်မံချိန်းဆိုလိုက်ပြီး အဆိုပါ ရုံးချိန်း တွင်လည်း လူသတ်မှုအတွက် တရားလိုပြသက်သေများကိုသာ ဆက်လက်စစ်ဆေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly