ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှု ရပ်တန့်ရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ရပ်တန့်ရန် အိတ်ဖွင့်ပေးစာပို့

ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှု ရပ်တန့်ရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ရပ်တန့်ရန် အိတ်ဖွင့်ပေးစာပို့

ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်၏ ထိုးစစ်ဆင်မှု ရပ်တန့်ရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှု ရပ်တန့်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(SD) တို့ထံ ကချင်ပြည်နယ် အရပ်ဘက် လူမှုအဖွဲ့အစည်း များက အိတ်ဖွင့်ပေးစာ ပေးပို့လိုက်သည်။

ကချင်ပြည်နယ်အတွင်းရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းပေါင်း ၄၃ ဖွဲ့က ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်က ပြုလုပ်သော အရပ်ဘက် လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် မှဆွေးနွေး သဘောတူညီချက်များ ကို သြဂုတ်လ ၆ ရက်၌ ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာ (MPC)တွင် ကျင်းပနေသော တွေ့ဆုံ ဆွေးနွေးပွဲသို့ ငြိမ်းဖောင်ဒေးရှင်းမှ ဒေါ်နန်ရော်မှတစ်ဆင့် ပေးပို့လိုက်ခြင်း ဖြစ်သည်။

ကချင်ပြည်နယ် အရပ်ဘက်လူ့အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကွန်ရက် ဖိုရမ်ဖြစ်မြောက်ရေး အလုပ်အမှုဆောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်ပူက “ဒီနေ့ အက်စ်ဒီနဲ့ UPWC တွေရဲ့ အစည်း အဝေးမှာ သွားပေးလိုက်ပြီ။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ တိုင်းရင်းသားတွေကို ညှဉ်းပန်းနှိပ်စက်မှုတွေ အရမ်းများလာလို့ အဲဒါကို ဒီနေ့ စတဲ့အစည်းအဝေးက ထည့်နိုင်အောင် ၃၀ ရက်မှာ သဘော တူထားတာ ဖြစ်တယ်”ဟု မဇ္ဈိမကို ပြောသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့ ဆွေးနွေးမှုကို နှောင့်နှေးစေမည့် မလိုလားအပ်သော ထိုးစစ်ဆင်မှုများ၊ စစ်ရေးလှုပ်ရှားနေမှုများကို အထူးစိုးရိမ်ကြောင်း ကချင်ပြည်နယ် အတွင်း ရှိဒေသခံ အရပ်ဘက် လူ့အဖွဲ့အစည်းများက တင်ပြခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ပူတာအို၊ ဆွမ်ပရာဘွမ်၊ ကားမိုင်း၊ ဖားကန့်ဒေသများတွင် တိုက်ပွဲ များ ပိုမို ပြင်းထန်လာသဖြင့် စစ်ဘေးဒဏ်ကြောင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားခြင်း၊ လူ့အခွင့်အရေး ချိုးဖောက် ခံရခြင်းများဖြစ်သောပြည်သူများ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ အမျိုးသမီးများလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း၊ ပြည်သူများ ဘဝလုံခြုံမှု ကင်းမဲ့၍ ကြောက်ရွံ့ထိတ်လန့်နေရခြင်း၊ အသက် အိုးအိမ်မြေယာများ ပျက်စီးခြင်းနှင့် အသက်မွေးဝမ်းကျောင်းမှု စနစ်တစ်ခုလုံး ပျက်စီးသွားရခြင်းများ ကြုံတွေ့နေရသည်ဟု ၎င်းတို့၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့အကြား သဘောတူညီထားသည့် ပူးတွဲ (၂) တွင်ပါရှိသော နှစ်ဘက် လိုက်နာရန် အချက်များ အပိုဒ်(၁)အရ နှစ်ဘက်တပ်များ ထိတွေ့ပစ်ခတ် မှုများ၊ တွေ့ဆုံတိုက်ပွဲများ မဖြစ်ပွားရေး ညှိနှိုင်းဆောင်ရွက်သည်ကို မတွေ့ရဘဲ ဖြစ်ပြီးမှသာ ညှိနှိုင်းဖြေရှင်း ကြသည်ကို တွေ့ရသကဲ့သို့ ပြည်သူများ လိုလားသော ညှိနှိုင်းဖြေရှင်းမှုမျိုးကို မတွေ့ရှိကြောင်း ဖော်ပြထားသည်။

ဇူလိုင်လ ၁၃ မှ ၁၅ ရက်အတွင်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာသဖြင့် ကချင်ပြည်နယ်အစိုးရ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့နှင့် ပြန်လည်တွေ့ဆုံရန် KIO ပဋိပက္ခညှိနှိုင်း ရေး အဖွဲ့က အဆိုပြုခဲ့သော်လည်း အစိုးရဘက်မှ လူမစုံသေးဟုဆိုကာ ယနေ့ထိ ပြန်လည် တွေ့ဆုံနိုင်ခြင်း မရှိသေးပေ။

ထို့ကြောင့် နှစ်ဘက် သဘောတူညီထားမှုကို လေးစားလိုက်နာပါရန်၊ မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်ခြင်းများနှင့် စစ်ရေးပြင်ဆင်မှုများကို ချက်ချင်းရပ်တန့်ကာ မူလတပ်ရင်းများသို့ ပြန်လည် ဆုတ်ခွာပေး ရန်၊ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်မှုကိုသာ အာရုံစိုက်လုပ်ဆောင်ရန်၊ တပ်မတော်က အမျိုးသမီးနှင့် ကလေးများအပေါ် လိင်အကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျွန်ပြုခြင်း များကို ချက်ချင်း ရပ်တန့်ပေးရန်၊ ကျူးလွန်သူများအား စစ်ဘက်ဆိုင်ရာ တရားရုံးတွင်သာမက အရပ် တရားရုံးသို့ ပွင့်လင်းမြင်သာမှုရှိစေရန် လွှဲပြောင်းစစ်ဆေးပြီး အရေးယူဆောင်ရွက်ပေးရန်၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင် များနှင့် လက်နက်ကိုင် အဖွဲ့များက ဥပဒေမဲ့ မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများ လုံးဝ မပြုလုပ်ရန်တို့ကို ထည့်သွင်းတောင်းဆိုထားသည်။

ထို့ပြင် ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်နှင့် ဖော်ဆောင်နေစဉ် ကာလအတွင်း မည်သည့် အကြီးစား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းမှမပြုလုပ်ရန်နှင့် လုပ်နေဆဲ လုပ်ငန်းများ ရပ်တန့်ရန်၊ သိမ်းယူထားသော လယ်ယာမြေ များ၊ အိမ်ခြံမြေများကို မူလပိုင်ရှင်များထံသို့ပြန်လည် လွှဲပြောင်းပေးအပ်ရန်၊ဒေသခံပြည်သူများကို အတင်းအဓမ္မရွှေ့ပြောင်းစေခြင်းများ မပြုလုပ်ရန်၊ စစ်ဘေးဒုက္ခသည်များ (IDPs)ကို ၎င်းတို့၏ သဘောထား ဆန္ဒမပါဘဲ ဖိအားပေးခြင်းနှင့် အတင်းအဓမ္မ ရွှေ့ပြောင်းခြင်းများ မပြုလုပ်ရန်၊  စစ်ပြေးဒုက္ခသည်များ၏ မူလရပိုင်ခွင့်များ မပျက်စီး၊ မဆုံးရှုံးစေဘဲ ပြန်လည် ရရှိစေ ရေးအတွက် ဆောင်ရွက်ပေးရန်နှင့် ၎င်းတို့ ကိုနိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခွင့်အရေးအရအာမခံချက်ရှိသော အခြေအနေရှိမှသာလျှင် နေရပ်သို့ ဂုဏ်သိက္ခာရှိစွာပြန်နိုင်ရေး ကို စီမံပေးရန်တို့ကိုလည်း ထည့်သွင်းတောင်းဆို ထားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေး စာချုပ်မူကြမ်းကို တွေ့ဆုံဆွေးနွေးပွဲသို့ တင်ပြနိုင်ရန် ကချင်ပြည်နယ် အရပ်ဘက် လူ့အဖွဲ့ အစည်း များ ငြိမ်းချမ်းရေးဖိုရမ်ကို ပြုလုပ်၍ တောင်းဆိုရခြင်း ဖြစ်သည်ဟု အရပ်ဘက်လူ့အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကွန်ရက် ဖိုရမ်ဖြစ်မြောက်ရေး အလုပ်အမှုဆောင်အဖွဲ့မှ ဦးပီတာမျိုးအောင်က ပြောသည်။

၎င်းက  “ အခု အင်န်စီအေ ထိုးဖို့ ကျွန်တော်တို့လည်း ကချင်ပြည်နယ်ဘက်က လူတွေလည်း စိုးရိမ်တယ်။ မထိုးဖြစ် ပြီးလို့ရှိရင် အလွတ်သဘော ဆောင်သွားမှာ ကျွန်တော်တို့ ကြောက်တယ် ” ဟု မဇ္ဈိမကို ပြောသည်။  

စစ်ဘေးဒဏ်ကြောင့် ဒုက္ခသည်များ ပိုမိုတိုးပွားလာနေပြီး ၎င်းတို့အတွက် ကူညီထောက်ပံ့မှုများ တားဆီး ပိတ်ပင်ခံနေရခြင်းနှင့် ပွင့်လင်းမြင်သာမှု မရှိသော ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံတော် စီမံကိန်း များကြောင့်ဒေသခံပြည်သူများ အခွင့်အရေးများ ဆုံးရှုံးနေရခြင်းတို့နှင့်  ရင်ဆိုင်ကြုံတွေ့နေရသည်ဟု လည်း ပေးစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags