ရန်ကုန် ၊ ဇူလိုင် ၁၄ ။ ။ အဆိုတော် ဝိုင်းစုခိုင်သိန်း ၏ မယ်သီတာ Mini Album ပရိုမိုးရှင်းပွဲကို ဇူလိုင် ၁၆ရက်တွင် ရန်ကုန်မြို့ရှိ လှည်းတန်းစင်တာ Promotion Area တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ပါဝင်သည့် အနုပညာရှင်များမှ အမှတ်တရ လက်မှတ်ရေးထိုးဖျော်ဖြေမည် ဖြစ်သည်။
ထို တေးအယ်ဘမ်တွင် တေးရေးများအနေဖြင့် တေးရေး ရွှေဂျော်ဂျော် ၊ အောင်လ ၊ ဝေယံမင်းသူ ၊ ဝေကြီးတို့မှ ပါဝင် ရေးသား ပေးထားကြပြီး Featuring အဆိုတော်အနေဖြင့် အဆိုတော် အောင်လ က ပါဝင်သီဆို ပေးထား သည်။
အဆိုတော် ဝိုင်းစုခိုင်သိန်း က “ ဒီအခွေရဲ့ သီချင်းတိုင်းကို ကျေနပ်မိပါတယ်။ နှလုံးသားနဲ့ ခံစားပီးကြိုးစား ထားပါတယ်ဒီသီချင်းခွေလေး ထွက်လာရင် နှလုံးသားတွေ ဖွင့်ပြီး ခဏလောက် နားဆင်ပေးပါလားလို့ ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။
အဆိုတော် ဝိုင်းစုခိုင်သိန်းသည် တစ်ကိုယ်တော် တေးအယ်ဘမ်များ အနေဖြင့် မက်လောက်စရာ ၊ မျက်လှည့် ၊ အာဘွား စသည့် တစ်ကိုယ်တော် တေးအယ်ဘမ်များ အပြင် တေးသံရှင် အမျိုးသား များဖြင့် တွဲဖက် သီဆို ထားသည့် “ခါချနေရတယ် ”တေးအယ်ဘမ် နှင့် ၂၀၁၆ ခုနှစ်ထဲတွင် ဂါ ဟု အမည်ပေးထားသည့် တေးအယ်ဘမ် ကို ထွက်ရှိ ထားသည်။
၎င်းအနေဖြင့် လက်ရှိတွင် မယ်သီတာ Mini Album အပြင် ၂၀၁၆ ခုနှစ်တွင် ထွက်ရှိထားသည့် ဂါ ဟု အမည်ပေးထားသည့် တစ်ကိုယ်တော် တေးအယ်ဘမ် ကို MTV အဖြစ် ပုံဖော် ရိုက်ကူးလျက် ရှိကာ ယခုနှစ် တွင် ကျရောက်မည့် ၎င်း၏ မွေးနေ့၌ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပ ပြုလုပ်ရန်လည်း စီစဉ်ထားသည်။
မယ်သီတာ Mini Album ပရိုမိုးရှင်းပွဲကို ရန်ကုန်တွင် ဇူလိုင် ၁၆ရက်၌ ပြုလုပ်မည် ဖြစ်ပြီး မန္တလေးတွင် ဇူလိုင် ၁၉ ရက်၌ Ocean (Mingalar Mandalay) တွင် ညနေ (၄နာရီကနေ ၆နာရီ ထိ) ကျင်းပပြုလုပ်သွားမည် ဖြစ် သည်။