အရေပြားအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါ်မြတ်စန္ဒာကျော်နဲ့ တိုက်ရိုက်တင်ဆက်မှုမှ ကောက်နှုတ်တင်ပြချက် အပိုင်း( ၃ )

အရေပြားအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါ်မြတ်စန္ဒာကျော်နဲ့ တိုက်ရိုက်တင်ဆက်မှုမှ ကောက်နှုတ်တင်ပြချက် အပိုင်း( ၃ )

အရေပြားအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဒေါ်မြတ်စန္ဒာကျော်နှင့် Comment များမှ တိုက်ရိုက်မေးမြန်းမှုများကို ပြန်လည် ထုတ်လွှင့်ခြင်း ဖြစ်ပါသည်။ အပိုင်း (၃)

မေး - နေပူထဲမှာ အလုပ်လုပ်တဲ့အခါ သနပ်ခါးလိမ်းတာကောင်းပါသလား ဖြေကြားပေးပါခင်ဗျ။

ဖြေ - သနပ်ခါးက ဆရာမအကြိုက်ဆုံးပဲ။ အခုထိလည်း သနပ်ခါး တော်တော်လိမ်းဖြစ်တယ်။ နေရောင်က ခရင်မ်က အများကြီးရှိတယ်။ နေရောင်ကာခရင်မ်တွေကို လိမ်းတဲ့အခါမှာ နေပူထဲ မထွက်ခင် မိနစ် ၂၀၊ နာရီဝက်မှာ လိမ်းရမယ်။ နေပူထဲရောက်သွားတဲ့အခါ ဘယ်နေရောင်ကာခရင်မ်မဆို ၂ နာရီခြား တစ်ခေါက် ပြန်လိမ်းရမယ်။ အလွန်ဆုံးခံရင် ၃ နာရီ၊ ၄ နာရီပဲ ခံတယ်ဆိုတော့လေ။ အဲ့ဒီတော့ နေရောင်ကာခရင်မ်ကို မကြာခဏ လိမ်းရမယ့်အစား နေပူထဲမှာ သူတင်ကိုယ်တင် အလုပ်လုပ်တော့မယ်ဆိုလို့ ရှိရင် သနပ်ခါးကိုလိမ်း ၊ ပါးကွက်ကိုကွက်၊ နှာခေါင်းကိုလည်း ပုံရတယ်၊ နှာခေါင်းက အရမ်းနုတယ်။ တင်းတိတ်အရမ်းဖြစ်တတ်တယ်။ နှာခေါင်းနဲ့ အပေါ်နှုတ်ခမ်းနဲ့ကြားကိုလည်း တစ်ကြောင်း ပုံရတယ်။ မေးစေ့ကိုလည်း ပုံပြီး သနပ်ခါးအထူကြီးလိမ်းသွားပေါ့။ သွားတဲ့အခါ ချွေးစိုလာရင် သနပ်ခါးက အရေပျော်သွားမယ်။ ချွေးခြောက်သွားရင် သနပ်ခါးအမှုန်လေးတွေက ပြန်ဆက်သွားပြီးတော့ နေရောင် ကာကွယ်ပေးတယ်။ ၂ နာရီ ကြာတဲ့အခါမှာ နေရောင်ကာ ခရင်မ်ကို ပြန်မလိမ်းနိုင်ဘူး။ ဒါပေမယ့် အဲ့ဒီအချိန်မှာ သနပ်ခါး အမှုန်တွေက ဆက်ပြီးတော့ ကာကွယ်ပေးနိုင်တယ်။ အဲ့တော့ နေပူထဲမှာ အလုပ်လုပ်လို့ရှိရင် သနပ်ခါးကိုတော့ မမေ့မလျော့ လိမ်းစေချင်ပါတယ်။

မေး - လေတိုက်တဲ့အခါ နေပူတဲ့အခါ၊ အထူးသဖြင့် နွေနဲ့ ဆောင်းမှာ အနီကွက်တွေ ဖြစ်လာတာ ဘာကြောင့်လဲ ဖြေကြားပေးပါ။

ဖြေ - လေတိုက်ပြီး နေပူတဲ့အခါ အဝတ်မဖုံးတဲ့ နေရာတွေမှာ ဖြစ်တာမျိုးထင်တယ်။ အဲ့တာက နေရောင်မခံနိုင်တဲ့ ရောဂါတစ်ခုရှိတယ်။ အဲ့တာဟာ ရောဂါပဲ။ နေပူ၊ လေပူကြောင့် ဖြစ်တာဆိုရင် Cover လုပ်တဲ့ Method ကို အရမ်းသုံးစေချင်တယ်။ လက်ရှည်ဝတ်တာမျိုးတွေ၊ လက်ရှည်ကို ၂ ထပ်ဝတ်တာမျိုးတွေပေါ့။ ထီးဆောင်းတာမျိုးတွေ ကာကွယ်တဲ့ Method ကို အရမ်းသုံးရလိမ့်မယ်။ ဒါပေမယ့် ယားလာတဲ့အခါမှာ ဘာလုပ်မလဲဆိုရင် လူတိုင်းသိတဲ့ Cetrizien တို့ ဘာမီတွန် တို့ သောက်လို့ရတယ်။ ယားတဲ့နေရာကို ဆရာမ အမြဲပြောလေ့ရှိတယ် "ယားစထဲက မကုတ်နဲ့၊ ရေအေးပတ်လေး တင်ပါကွယ့်" ဆိုတာလေ။ ယားလို့ကုတ်လိုက်တဲ့ အရေပြားက ပျက်ဆီးမှာစိုးလို့ ရေအေးထဲမှာ အမွှေးပွတဘက်လေး တစ်ခုကို ညှစ်မယ် ပြီးတော့ သာသာလေး ကပ်လို့ရတယ်။ အဲ့လိုနည်းနဲ့တော့ ကောင်းနိုင်ပါတယ်။

မေး - သူကပဲ ထပ်မေးလာတာက သနပ်ခါးအစား ရှားစားလက်ပတ်ခရင်မ်ကို လိမ်းရင်ကော အဆင်ပြေနိုင်ပါသလား ခင်ဗျ။

ဖြေ - သနပ်ခါးက ယောင်နေတဲ့ အရေပြားကို လိမ်းလိုက်တဲ့အခါမှာ သနပ်ခါးက အရေပြားရဲ့ ရေဓါတ်ကို ဆွဲယူသွားတော့ အသားခြောက်သွားတယ်။ အသားခြောက်သွေ့တတ်တယ်။ သနပ်ခါးလိမ်းတာက မယောင်တဲ့ အရေပြားဆိုရင်တော့ နေသာတယ်။ ဒါပေမယ့် ယောင်ယမ်းနေတဲ့ အရေပြားအတွက်ဆိုရင်တော့ မသင့်တော်ဘူးပေါ့နော်။ အဲ့လိုမျိုးဆိုရင်တော့ ခရင်မ်လိမ်းလို့ရတယ်။ သူနဲ့တည့်မယ့် ခရင်မ်ပေါ့။

မေး - သနပ်ခါးလိမ်းသွားတာ အထူကြီး နေ့လည်ကျရင် မရှိတော့ဘူး။ သနပ်ခါးကို မိတ်ကပ်ခံလိမ်းသင့်သလားခင်ဗျ။

ဖြေ - ဆရာမက မိတ်ကပ် ခံလိမ်းတယ်။ မိတ်ကပ်က အထူကြီး မဟုတ်ဘူး နဲနဲခပ်ပါးပါးပေါ့ ကိုယ်နဲ့ တည့်မယ့် မိတ်ကပ်တစ်ခုခုပေါ့။ အဲ့လိုလေး ခံပြီးတော့ သနပ်ခါးလိမ်းမယ်ဆိုလို့ရှိရင် သနပ်ခါး ပိုလို့ခံတယ်။

မေး - ပုစွန်တို့၊ ငါးဖယ်ချဉ်တို့ စားပြီးလို့ရှိရင် ကိုယ်တွေ  ယားလာတယ်။ အရေခွံလေးတွေလည်း ကွာတာ ဘယ်လိုလုပ်ရမလဲ ခင်ဗျ။

ဖြေ - မတည့်တာပေါ့။ Allergy ပေါ့။ အရေပြားမှာ တုန့်ပြန်တာ။ အဲ့ဒီလို မတည့်တဲ့ အရာတစ်ခုခုရှိလို့ရှိရင် ပုစွန်မတည့်ဘူးဆိုလို့ရှိရင် Seafood မတည့်ဘူးလို့ ယူဆလို့ရတယ်။ Seafood မတည့်တဲ့ဥစ္စာတွေက သူက Cross Reaction တွေ ရှိတယ်။ ပုစွန်မတည့်ရင် ဂဏန်းမတည့်တာမျိုးတွေ ရှိတယ်။ သူပါတဲ့ ဓါတ်တွေ တူတတ်တာမျိုးပေါ့။ ဒါကြောင့်မို့လို့ မတည့်တဲ့အရာတွေကို ထပ်ကာ ထပ်ကာ စားနေမယ်ဆိုလို့ရှိရင် Allergy လို့ ခေါ်တဲ့အရာတွေက ခန္ဓာကိုယ်ထဲမှာ အများကြီး ဖြစ်လာလိမ့်မယ်။ အကောင်းဆုံးကတော့ မတည့်ဘူးလို့ ထင်တဲ့အရာကို အချိန်တော်တော်ကြာတဲ့အထိ ရှောင်သင့်ပါတယ်။

မေး - ခရုသင်းပေါက်နေလို့ ဘယ်လိုမျိုးရှောင်ရှားပြီး အသားအရေ ထိန်းသိမ်းသင့်လဲ ခင်ဗျ။

ဖြေ - ခရုသင်း နဲ့ သမင်ဖြူအတွက် သုံးတဲ့ ဆေးက လိမ်းဆေးရှိတယ်၊ စားဆေးရှိတယ်။ လေဆာနဲ့ ကုလို့ရတယ်။ အသားအစားထိုးပြီး ကုလို့ရတယ်။ အဲ့တာတွေက နီးစပ်ရာ ဆေးရုံ ဆေးခန်းတွေမှာ ပြသပြီး ကုသလို့ရပါတယ်။ အရမ်းအရေးကြီးတဲ့အချက်ကလေး သတိပေးချင်တာကတော့ ဒီရောဂါတွေမှာ တွဲဖြစ်တတ်တဲ့ ရောဂါတွေရှိတယ်။ သွေးအားနည်းရောဂါတွေ ဆီးချိုရောဂါတွေ ၊ လည်ပင်းကြီး ဟော်မုန်းများတဲ့ ရောဂါတွေပေါ့။ အဲ့လို ဟော်မုန်းရောဂါတွေလည်း ဖြစ်တတ်တယ်။ ကိုယ်ခံစွမ်းအားနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်တတ်တဲ့အခါမှာ ဆေးတွေကုတာအပြင် ဘယ်လိုရောဂါနဲ့ တွဲဖြစ်တတ်လဲ ဆိုပြီးတော့ သွေးစစ်တာတွေလည်း လုပ်သင့်တယ်လို့ အကြံပေးချင်ပါတယ်။

မေး - ကြွက်နို့ပေါက်လို့ ဘယ်လိုလုပ်ရမလဲ ခင်ဗျ။

ဖြေ - ကြွက်နို့ ဘာ့ကြောင့်ပေါက်လဲ အရင် သိသင့်တာပေါ့။ ကြွက်နို့က Virus ကြောင့် ဖြစ်တတ်တယ်။ ကြွက်နို့ကြောင့် အရေပြား ထိကပ်တဲ့နေရာမှာ ပွားတတ်တယ်။ ကြွက်နို့ကို ဆေးတက္ကသိုလ်(၂) မြောက်ဥက္ကလာ ဆေးရုံမှာ ဆိုရင် Cryotherapy နဲ့ကုတယ်။ အဓိက,က စောစောမသိကြလို့။ ကြွက်နို့ပေါက်နေတဲ့လူတွေ အရမ်းများတယ်။ ကြွက်နို့က ထိတွေ့မှုနဲ့ ကူးစက်တတ်တယ်ဆိုတာကို လူတွေကို အသိပေးချင်တယ်။ တော်တော်များပြီးမှလာတဲ့အခါမှာ အအေးဖြန်းတဲ့နည်းလမ်းကို သုံးပြီး ကုသပေးတယ်။ အအေးဖြန်းပြီးတော့ သေးအောင်လုပ်လိုက်တယ်။ တချို့ကျတော့ အဖုပေါက်ပြီးတော့ လန်ထွက်သွားတာပေါ့။ ဘယ်လိုမှမရဘူးဆိုရင် ထုံဆေးထိုးပြီးတော့ စက်နဲ့ခြစ်ယူတာပေါ့.. အဲ့ဒီလိုလဲ လုပ်လို့ရတယ်။

မေး - ဆံပင်တွေအကွက်လိုက်ကျွတ်ပြီး ဦးရေပြားယားတာ ၃ လ လောက်ရှိပြီ ဘယ်လိုလုပ်ရမလဲ ဖြေကြားပေးပါခင်ဗျာ။

ဖြေ - ဆံပင်ကျွတ်တဲ့အချိန်မှာ ဆံပင်တစ်ခုထဲကြည့်လို့မရဘူး။ ဆံပင်ကျွတ်တဲ့အခါမှာလည်း တစ်နေ့ကို အပင် ၁၀၀ ကျော် ကျွတ်ရမယ်၊ သိသာစွာ ဆံပင်ပါးတာကိုမှ ဆံပင်ကျွတ်တယ်လို့ သတ်မှတ်တယ်။ အဲ့တော့ ဦးရေပြားကို ကြည့်လိုက်တဲ့အချိန်မှာ ဦးရေပြား ယောင်ယမ်းနေတယ်ဆိုပါစို့ အဲ့တာဆိုရင် သူ့မှာ ရောဂါရှိတယ်။ ရောဂါရှိတာက ဒက်ဖြစ်တတ်တယ်။ အဲ့တာက မှိုပိုးတစ်မျိုးပေါ့။ နောက်ပြီးတော့ သူသုံးနေတဲ့ ဓါတုပစ္စည်းတစ်ခုခု ဓါတ်မတည့်တာလဲ ဖြစ်နိုင်တယ်။ ဥပမာ အားဖြင့် ခေါင်းလျှော်ရည်လိုဟာမျိုး၊ အခုနောက်ပိုင်းမှာ Hair Spray တွေ၊ Hair Jel တွေ အရမ်းသုံးတယ်။ ဆံပင်ကို တစ်ခုခု အမြဲထည့်တယ်။ အဲ့တာမျိုးတွေကလည်း မတည့်တာ ဖြစ်နိုင်တယ်။ နောက်တစ်ခုကကျတော့ အဆီပတ်ကို ဓါတ်မတည့်လို့ အရေပြား ယောင်ယမ်းတာလည်း ဖြစ်တတ်တယ်။ အယားပျောက်ချင်ရင်တော့ အယားပျောက်ဆေးသုံးရမယ်။ ရောဂါတစ်ခုခုဖြစ်ပြီ ဆိုရင်တော့ ဆေးကုသင့်ပြီလို့ ဆရာမက အကြံပေးချင်ပါတယ်။

မေး - ဆရာမကြီး ဖြည့်စွက်ပြောလိုတာ၊ အထူးပြောလိုတာ ဘာများ ရှိမလဲ ခင်ဗျ။

ဖြေ - သဘာဝအလျောက် မြန်မာလူမျိုးရဲ့ အရေပြားက လှတယ်။ တခြားလူမျိုးတွေလို အိန္ဒိယတို့ ၊ Chinese တို့နဲ့လည်း မတူဘူး။ Thailand နဲ့လည်း မတူဘူး။ West နဲ့လည်း မတူဘူး။ မြန်မာလူမျိုးရဲ့ အရေပြားက မြန်မာလူမျိုးရဲ့ အရေပြားပဲ ဖြစ်တယ်။ Sensitive ဖြစ်လွယ်တယ်။ တုံ့ပြန်လွယ်တယ်ပေါ့နော်။ ပါးလည်းပါးတယ်။ အဲ့ဒီအခါကျတော့ လှတဲ့လူတွေက ပိုလှတဲ့ Cosmetics တွေ Skin Care တွေ သုံးတယ်။ ရတယ်။ ဒါပေမယ့် အရေပြားမှာ ပြောင်းလဲမှု တစ်ခုခုဖြစ်တဲ့အခါမှာ ဥပမာ၊ နီမြန်းတာမျိုးတွေ၊ ယားတာမျိုးတွေ အကြေးခွံထတာမျိုး၊ အနာဖြစ်တာမျိုး၊ အရောင်ပြောင်းတာမျိုးတွေ   ဖြစ်တဲ့အခါမှာ ဆေးကုသသင့်တယ်။  ရောဂါတစ်ခုခုဆိုပြီးတော့ ကိုယ့်ကိုကိုယ် သတိထားကြပါလို့ ပြောချင်ပါတယ်။

အင်တာဗျူး အပိုင်း (၁)ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်- http://mizzimaburmese.com/article/28934

အင်တာဗျူး အပိုင်း ( ၂ )ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်-http://mizzimaburmese.com/article/29258

ပြီးပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required