စတန့်မင်းသားတစ်ဦး ဒဏ်ရာရရှိမှုကြောင့် The Walking Dead ဇာတ်လမ်းရိုက်ကူးရေးကို ယာယီရပ်နား

စတန့်မင်းသားတစ်ဦး ဒဏ်ရာရရှိမှုကြောင့် The Walking Dead ဇာတ်လမ်းရိုက်ကူးရေးကို ယာယီရပ်နား

The Walking Dead ဇာတ်လမ်းတွဲ၏ ၈တွဲမြောက်အပိုင်းကို AMC ရုပ်သံလိုင်းမှ ပြီးခဲ့သောဗုဒ္ဓဟူးနေ့က အတ္တလန်တာမြို့၌ ရိုက်ကူးနေစဉ် စတန့်မင်းသားတစ်ဦး ဒဏ်ရာရရှိခဲ့သောကြောင့် ရိုက်ကူးရေးကို ယာယီ ရပ်နားလိုက်ပြီဖြစ်သည်။

“The Walking Dead ရိုက်ကူးရေးမှာ ကျွမ်းကျင်တဲ့စတန့်မင်းသားတစ်ဦးဖြစ်တဲ့ ဂျွန်ဘာနက်ကာ ဒဏ်ရာရရှိမှု နဲ့ ပက်သက်ပြီး ကျနော်တို့စိတ်မကောင်းဖြစ်ရပါတယ်။ သူဟာရိုက်ကွင်းမှာ မတော်တဆဖြစ်မှုကြောင့် အလွန် ပြင်းထန်တဲ့ဒဏ်ရာ ရရှိခဲ့ပါတယ်” ဟု AMC ရုပ်သံလိုင်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့သည်။ ဆက်လက်ပြီး “သူ့ကိုကျနော်တို့ အတ္တလန်တာဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ပြီး ရိုက်ကူးရေးကိုလည်း ယာယီ ရပ်နားခဲ့ပါတယ်။ ကျနော်တို့ဟာ ဂျွန်နဲ့သူ့ရဲ့ မိသားစုအတွက် ဆုတောင်းပေးပါတယ်” ဟု ပြောကြားခဲ့သည်။

ကြာသာပတေးနေ့တွင် Walking Dead ဇာတ်လမ်းတွဲ၏ စတားသရုပ်ဆောင် လော်ရန်ကိုဟန်က တွစ်တာ၌ “ ချစ်လှစွာသော Walking Dead ရုပ်ရှင်မိသားစုရှင့်၊ ကျမတို့ရဲ့ စတန့်မင်းသားကြီး ဂျွန်ဘာနက်ကာနဲ့ သူ့ရဲ့ မိသားစုအတွက် ဆုမွန်ကောင်းတောင်းပေးကြပါ” ဟု ရေးသားခဲ့သည်။

The Hollywood Reporter ၏အဆိုအရ ဘာနက်ကာသည် အမြင့်ပေ ၂၀ခန့်မှ သံမန်တလင်းကြမ်းပြင်ပေါ်သို့ ပြုတ်ကျခဲ့သောကြောင့် ပြင်းထန်သောဒဏ်ရာရရှိခဲ့ပြီး အတ္တလန်တာဆေးရုံ၌ အတွင်းလူနာအဖြစ် ကုသမှုခံယူ နေရကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly