ဗန္ဓုလသယ်​ယူပို့​ဆောင်​​ရေးပိုင်​ YBSယာဉ်​လိုင်​းများ၌ ဘတ်​စ်​ကားအသစ်​၂၀၀ ကျော် အစားထိုးမည်

ဗန္ဓုလသယ်​ယူပို့​ဆောင်​​ရေးပိုင်​ YBSယာဉ်​လိုင်​းများ၌ ဘတ်​စ်​ကားအသစ်​၂၀၀ ကျော် အစားထိုးမည်
ဓာတ်ပုံ  - မျိုးမင်းသန်း

ရန်ကုန်၊ဇူလိုင်၁၄ ။            ။ ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီပိုင် ယာဉ်လိုင်းများဖြစ်သော ၃၈၊ ၃၀၊ ၁၄၊ ၁၂၊ ၂၅ယာဉ်လိုင်းများတွင်  ဘတ်စ်ကားအသစ်စက်စက်များဖြင့် အစားထိုးရန် စီစဉ်နေကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေးမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးတင်အောင်မိုးက ဆိုသည်။

"လောလောဆယ် ကျွန်တော်တို့ ၃၈လိုင်းကို စပြီး ထည့်ပါမယ် ။ ၃၈ လိုင်း ထည့်မယ်။  ပြီးတော့အစဉ်လိုက် ကျွန်တော်တို့ဆီက ယာဉ်လိုင်း ၃၀ ကို ဆက်ပြီးတော့ အင်အားဖြည့်ပါမယ် ။ ပြီးရင် YBS ၁၄ ကို လဲပါမယ်"ဟု လက်ထောက်အထွေထွေမန်နေဂျာ ဦးတင်အောင်မိုးက ပြောသည်။

လက်ရှိတွင် ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီပိုင် ယာဉ်လိုင်းများတွင် အစားထိုးရန် ၂၀၁၇ ခုနှစ်ထုတ် ဘတ်စ်ကားအသစ် ၂၁၄ စီး မြန်မာနိုင်ငံတွင် ရောက်ရှိနေပြီး ၄၆စီးကို အင်းတော် စက်မှုနယ်မြေ၌ စတင်တပ်ဆင်နေသည်။

အဆိုပါယာဉ်များမှာ ၂၀၁၇ခုနှစ်ထုတ် Yutongများဖြစ်ပြီး ကားများအတွက် အဲကွန်း၊ ပိုက်ဆံပုံးနှင့် စီစီတီဗီကင်မရာများကို ထည့့်သွင်းပေးသွားမည်ဖြစ်သည်။

"အဲဒီမှာနှစ်မျိုးဗျ တစ်မျိုးကတော့ အရင်Yutong ပုံစံဖြစ်ပြီးတော့ ကျန်တဲ့အစီးတွေကတော့ BRT မှာဆွဲနေတဲ့အတိုင်းပဲ BRTပုံစံတွေပါဗျ ။ အကုန်လုံးကတော့ Yutong တွေပါဗျ"ဟု ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ဗန္ဓုလသယ်ယူပို့ဆောင်ရေးရှိ ယာဉ်အိုယာဉ်ဟောင်း ၁၁၁ စီးကို ယခုဇူလိုင်လထဲ၌ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)ကို အပ်နှံရန် လုပ်ဆောင်နေသည်။

အဆိုပါကားအသစ် ၂၁၄စီးထည့်ပြီးလျှင် ဗန္ဓုလအများပိုင်ကုမ္ပဏီပိုင်ယာဉ်လိုင်းအားလုံးတွင် ကားအသစ်များဖြစ်သွားမည်ဟု ဦးတင်အောင်မိုးကဆိုသည်။

ဗန္ဓုလသယ်ယူပို့ဆောင်ရေးသည် ယာဉ်လိုင်း ၃၀၊ ယာဉ်လိုင်း၂၅၊ ၁၂နှင့် ၃၈ ယာဉ်လိုင်းစုစုပေါင်း(၅)လိုင်းဖြင့် တာဝန်ယူပြေးဆွဲပေးနေသည်။

၎င်းတို့ပိုင်ဝိုင်ဘီအက်စ်၃၀နှင့် ၂၅ယာဉ်လိုင်းကိုစပယ်ယာမပါဘဲ ပုံးစနစ်ဖြင့်ပြေးဆွဲနေပြီး ကျန်သည့် ယာဉ်လိုင်း ၁၂၊ ၁၄နှင့် ၃၀ယာဉ်လိုင်းများကို ဇူလိုင်၂၀ရက်နေ့၌ ယာဉ်နောက်လိုက်မပါဝင်ဘဲ ပြေးဆွဲစေမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly