ရခိုင်ကမ်းရိုးတန်း တောင်သူတို့အတွက် မရှိမဖြစ် တာတမံများ

ရခိုင်ကမ်းရိုးတန်း တောင်သူတို့အတွက် မရှိမဖြစ် တာတမံများ
ကျောက်ဖြူမြို့နယ် လိပ်ခမော်ရွာ ဒေသခံတစ်ဦးရဲ့  စိုက်ပျိုးရေးလုပ်ငန်းခွင်   (ဓာတ်ပုံများ - ထက်ခေါင်လင်း/Myanmar Now)

မုန်တိုင်းသင့်တာတမံများ ပြင်ဆင်ဖို့လိုနေတယ်လို့ ကျောက်ဖြူဒေသခံတွေ၊ စိုက်ပျိုးရေးအရာရှိတွေက ပြောပါတယ်

ကျောက်ဖြူ (Myanmar Now)။                   ။   ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ချောင်းစွယ်ကျေးရွာအုပ်စုတစ်နေရာမှာအင်တန် ကျယ်ပြန့် တဲ့ ရေပြင်ကြီးကိုတွေ့ရပါတယ်။ ပင်လယ်ဒီရေက လယ်ကွင်းထဲဝင်လာတဲ့အတွက် ရေကန်လို ဖြစ်နေ တာပါ။ ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်တဲ့ကျောက်ဖြူရဲ့ စိုက်ပျိုးရေးလုပ်ငန်းဟာ တာတမံတွေကို အဓိက မှီခိုအားထားနေရတာကြောင့်တာတမံတွေ သဘာဝဘေးဒဏ်ကိုမခံနိုင်လို့ ပျက်စီးသွားတဲ့အခါ ဆားငန်ရေက အလွယ်တကူဝင်ရောက်လာပါတော့တယ်။

ပင်လယ်ရေဝင်ရောက်လာမှု နောက်ဆက်တွဲအဖြစ် စိုက်ပျိုးရေးလုပ်ငန်း နာလန်မထူနိုင်တဲ့ ကျေးရွာတချို့ကိုဒီဒေသမှာတွေ့ရမှာပါ။လုပ်ငန်းခွင် ပြန်မဝင်နိုင်သေးတဲ့ လယ်သမားတွေထဲမှာ   ကျောက်ဖြူမြို့ကနေ စက်လှေနဲ့ ရေမိုင် ၂၅ မိုင်ကျော် သွားလာရတဲ့ ချောင်းစွယ်ကျေးရွာသား ဦးအုန်းဖေလည်း ပါဝင်ပါတယ်။ 

 “အခုထိစက်ရှိတဲ့သူရော၊ နွားရှိတဲ့သူတွေရောလယ်မလုပ်နိုင်ဘဲရေပြင်ကြီးဖြစ်နေတုန်းပဲ” လို့ ၅၆ နှစ်အရွယ် ဦးအုန်းဖေကရေဖုံးလွှမ်းနေတဲ့ သူ့လယ်ကိုလက်ညှိုးထိုးပြရင်းပြောပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် ဂီရိမုန်တိုင်းဒဏ်ကြောင့်  တာတမံပျက်စီးမှုအများအပြားရှိခဲ့ပါတယ်။ ဒီဒေသရဲ့ စိုက်ပျိုးရေး ကဏ္ဍ ပြန်လည်ဦးမော့နိုင်ဖို့ဆိုရင် ဆားငန်ဒီရေအမြဲဝင်ရောက်နေတဲ့နေရာကတာတမံတွေ ပြန်လည် ပြုပြင်ဖို့ အလွန်အရေးကြီးတယ်လို့ မကြာသေးခင်ကကျောက်ဖြူမှာတွေ့ရတဲ့ လယ်သမားတွေ၊ စိုက်ပျိုး ရေး ဘက်ဆိုင်ရာအရာရှိတွေကပြောပါတယ်။

ကိုယ်ထူကိုယ်ထ

လယ်သမား ၁ဝ၅ ဦးရှိပြီးလယ်ဧက ၅ဝဝကျော်ရှိတဲ့ချောင်းစွယ်ရွာဟာ ပြင်ပအကူအညီနဲ့ အလှမ်းဝေးတဲ့ ရွာလေးတစ်ရွာပါပဲ။ သူတို့ဆီကတာတမံကို ပြန်ဆယ်ဖို့ လယ်သမားတစ်ဦးကိုငွေကျပ် ၁၈ဝ,ဝဝဝ ကျော်ကနေ ၃ဝဝ,ဝဝဝ ကျော်အထိထည့်ဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ စုပေါင်းထည့်ဝင် ရမယ့်ငွေကို ဒေသခံအများအပြားက၅ ကျပ်တိုး၊ ၁ဝ တိုးတို့နဲ့ ချေးငှားရှာဖွေခဲ့ရတယ်လို့  သိရပါတယ်။ ပြုပြင်နေဆဲတာတမံကကိုယ်ထူကိုယ်ထလုပ်ထားမှန်းသိသိသာသာပေါ်လွင်နေတာပါ။ တာအကျယ် ၂ ပေမပြည့်၊ အမြင့်ကလည်း ၅ ပေတောင်မရှိပါဘူး။ ပြုပြင်မှု အပြီးမသတ်နိုင်သေးတဲ့အတွက် ကနေ့အ ချိန်အထိ လယ်မစိုက်နိုင်သေးပါဘူး။

  ကျောက်ဖြူမြို့နယ်အတွင်း လယ်ယာစိုက်ပျိုးမြေ ဖော်ထုတ်ဖို့ရာမှာ တာတမံတွေ ပြန်လည် ပြုပြင်ဖို့ မဖြစ်မနေလိုအပ်တယ်လို့ ကျောက်ဖြူခရိုင်၊ ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲမှု ဦးစီးဌာ နက ဦးစီးအရာရှိဦးသက်လွင်ထွန်းကပြောပါတယ်။အမည်ပေါက်ပြီးစိုက်ပျိုးမြေဧကများတဲ့ တာတွေ ရော၊ စိုက်ပျိုးမြေနည်းပြီးအမည်မပေါက်တဲ့ တာတမံတွေရော ဂီရိမုန်တိုင်းတိုက်ပြီးနောက်ပိုင်းမှာ ပြုပြင် ခဲ့ပြီးဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

  “ဒေသကမိုးရေချိန် လက်မ ၂ဝဝလောက်အထိရွာတတ်တဲ့နေရာ၊ ရာသီဥတုဖောက်ပြန်တတ် တာတွေကြောင့် တာတွေဟာရေထိန်းတံခါးမကောင်းတာနဲ့၊ပျက်စီးတာနဲ့ ချောင်း၊ မြောင်းတွေ ဖြစ်ကုန် ရော။ ဘတ်ဂျက်အနေအထားနဲ့ ကျွန်တော်တို့လုပ်တဲ့တာတွေကအကျယ်ထိပ်ဝ ၈ ပေ၊ အမြင့် ၈ ပေလောက်အထိ၊ ရေထိန်းတခါးတွေ ဘာတွေနဲ့ စနစ်တကျလုပ်ပေးတဲ့တာ” လို့ သူကဆိုပါတယ်။

ဘတ်ဂျက်အကန့်အသတ်

 လယ်မြေထဲဆားငန်ရေတိုးဝင်ခြင်း၊ ဆားငန်ရေဖုံးလွှမ်းခြင်းတို့ဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး နယ်မြေတစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ စပါးအထွက်နှုန်းနည်းပါးရတဲ့  အကြောင်းရင်း တွေ ထဲပါဝင်ပါတယ်။

    ဒီလိုအခြေအနေကြောင့် သမားရိုးကျ စိုက်ပျိုးနည်းစနစ်တွေထက် ပျိုးထောင်ကောက်စိုက်ချိန် မှန်မှန်နဲ့ နည်းစနစ်တကျ စိုက်ပျိုးဖို့ အရေးကြီးသလိုဆားငံဒဏ်ခံနိုင်တဲ့ မျိုးစပါးတွေ အသုံးပြုလာဖို့ လိုအပ်တယ်လို့ ကျောက်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်ခင်စိုးကပြောပါတယ်။

  ရခိုင်ပြည်နယ်ဟာ ၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာနှစ်ဘတ်ဂျက်ရဲ့ ဝဒဿမ ၇ ရာခိုင်နှုန်း (ကျပ် ၁၃ဝ ဘီလီယံ) သာရရှိခဲ့တာပါ။ စိုင်ခြုံကျေးရွာကတာတမံကိုဆက်လက်လုပ်ပေးရေးအတွက် အစီအစဉ် ရှိပေမယ့်ဒီနှစ်ဘတ်ဂျက်ထဲမှာမပါဝင်ဘူးလို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမျိုးသားလွှတ်တော်မှာ ပြီးခဲ့တဲ့လ ၁၃ ရက်နေ့ကပြောပါတယ်။

“ဂီရိမုန်တိုင်းနောက်ပိုင်းမှာကျိုးပေါက်ခဲ့ပြီးဌာနကပေ၁ဝ,ဝဝဝ ကိုလုပ်ပေးခဲ့ပေမယ့် ကျန်ပေ ၁ဝ,ဝဝဝ ကျော်ကိုဆက်လုပ်ဖို့   ….ကျပ်သန်း ၂၉၂ ကုန်ကျမှာပါ။ လိုအပ်တဲ့ရန်ပုံငွေကို ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာနှစ်မှာ ရခိုင်ပြည်နယ်အစိုးရအသုံးစရိတ်ထဲမှာ ထည့်သွင်းဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်” လို့ ဒုတိယဝန်ကြီးက လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။

  အမျိုးသားလွှတ်တော်ရဲ့ ကျောက်ဖြူမြို့နယ်အမတ်  ဦးကျော်သန်းက လွှတ်တော်ကိုယ်စား လှယ်တို့ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း ၁,ဝဝဝ အစီအစဉ် ရှိတယ် ဆိုသော်လည်း တာတမံ အပိုင်းဆောင်ရွက်နိုင်တဲ့ ပမာဏမဟုတ်တာကြောင့် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အ စိုးရတို့ရဲ့ ပူးပေါင်းစီမံဆောင်ရွက်ပြီး ကူူညီသင့်တယ်လို့ ဆိုပါတယ်။

  “ဒေသခံလူထုကလည်းဆင်းရဲ၊ အလုပ်အကိုင်အခွင့်လမ်းတွေပါ တဖြည်းဖြည်းနဲ့ ပိုလျော့ပါး လာမယ်ဆိုရင် အခုတောင် ရွှေ့ပြောင်းအခြေချမှုတွေ အရမ်းများပြားနေတာဆိုတော့ ပိုဆိုးဖို့ပဲရှိတော့ မယ်” လို့ ဦးကျော်သန်းက ဆိုပါတယ်။

ကျောက်ဖြူမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ကစပါးအပါအဝင် သီးနှံစုံစိုက်ပျိုးခဲ့တာက ၄၅,၇၇၄ ဧကရှိခဲ့ ပြီး ယခုနှစ်ရဲ့တောင်သူတွေရဲ့ အခြေအနေကိုစစ်တမ်းပြုလုပ်နေတယ်၊ ၂ဝ၁၇ - ၂ဝ၁၈ ခုနှစ် အတွက် ဒေသနဲ့ကိုက်ညီတဲ့ စီမံကိန်းတွေကိုရေးဆွဲသွားဖို့ ဆောင်ရွက်နေတယ်လို့ ကျောက်ဖြူမြို့နယ်၊ စိုက်ပျိုး ရေး ဦးစီးဌာနဦးစီးမှူး ဦးအောင်ခင်စိုးကပြောပါတယ်။

“ကျွန်တော်တို့ဌာနဆိုင်ရာတွေလည်းစီမံချက်နဲ့လုပ်နေကြတယ်။ တောင်သူတွေကလည်း သူတို့နိုင်တဲ့ အတိုင်းအတာနဲ့ လုပ်ကြပါတယ်။ ဒါပေမယ့် မဆိုစကောင်းသဘာဝ ဘေးသာ ကျမယ်ဆို ရင် ဘယ်လိုလွတ်နိုင်မလဲ” လို့ သူကဆိုပါတယ်။ 

 ဆားငန်ရေမဝင်ရောက်စေဖို့၊ သောက်သုံးရေ အရင်းအမြစ်တွေကို အကာအကွယ်ပေးဖို့အ တွက် ၂ဝ၁၄၊ ၂ဝ၁၅ နှစ်တွေမှာတာတမံအရှည် ၁၄၈ ကီလိုမီတာတည်ဆောက်ခဲ့ကြောင်း နိုင်ငံတကာ စီမံကိန်းတစ်ခုဖြစ်တဲ့ အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေအဖွဲ့ရဲ့ ၂ဝ၁၅ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

   ဒါဟာစပါးစိုက်ဧက ၂၂,ဝဝဝ ကျော်ကိုအကာအကွယ် ပေးနိုင်တဲ့ တာတမံတည်ဆောက်မှု ဖြစ်တယ်လို့ ဆိုပါတယ်။နိုင်ငံတကာအကူအညီနဲ့ တည်ဆောက်ခဲ့တဲ့   တာတမံအရှည် ၁၄၈ ကီလိုမီ တာရဲ့  ၉၄ ရာခိုင်နှုန်းဟာ ၂ဝ၁၅ နှစ်လယ်ပိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ကိုမန် မုန်တိုင်းဒဏ်ကို ခံနိုင်ရည်ရှိခဲ့ တယ်လို့ အစီရင်ခံစာမှာရေးထားတာတွေ့ရပါတယ်။

တာတမံကြံ့ခိုင်ရေး

ချောင်းစွယ်ကျေးရွာမှ ဦးအုန်းဖေကဂီရိမုန်တိုင်း ဖျက်ဆီးလိုက်တဲ့ သူတို့ရွာက တာတမံကို ၂ဝ၁၄ ခုနှစ်တုန်းကအစိုးရဘတ်ဂျက်ကျလာလို့ ကုမ္ပဏီတစ်ခုက ပြုပြင်ပေးတယ်၊ သို့သော်လည်း ဒီပြုပြင်မှုကအလုပ်မဖြစ်တာကြောင့် ပြန်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။  

  ကျောက်ငူကျေးရွာ အုပ်ချုပ်ရေးမှူး  ဦးသိန်းမြင့်ကလည်း သူတို့ဒေသရဲ့လယ်ဧက ၅,ဝဝဝ ကျော်ထဲကဧက ၁ဝဝ ကျော်သာ လုပ်ကိုင်နိုင်တော့တာဟာ တာတမံတွေ ကာလတိုအတွင်း ပျက်စီး သွားရတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ အကျိုးဆက်အားဖြင့် ဂီရိမုန်တိုင်းနောက်ပိုင်းမှာဒေသခံ ၁ဝဝ ဝန်းကျင်က တခြားဒေသကို ရွှေ့ပြောင်းသွားကြပြီလ့ို သူက ဆက်ပြောပါတယ်။

  “အစိုးရအနေနဲ့ ဆက်ပစ်ထားမယ်ဆိုရင် နောင် အနှစ် ၂ဝ အတွင်းမှာ ကျွန်တော်တို့ရွာတွေ အကုန် ပျက်စီးသွားလိမ့်မယ်။ အခုဂဏန်းထောင်ပြီး နေ့စဉ်စားဝတ်နေရေးကို ဖြေရှင်းနေကြတယ်ဆို ပေမယ့် ဈေးကွက်တန်းဝင် ဂဏန်းရှားလာတာနဲ့ အသေးရောအကြီးပါအကုန်ဖမ်းကြရော။ မဖမ်းရင် လည်း သူတို့ဘယ်ဟာနဲ့ သွားစားကြမလဲ။ အသေးတွေပါ ဖမ်းတော့လည်း ပိုရှားရုံပဲရှိတော့မယ်” လို့ သူက ဆိုပါတယ်။

တာတမံတွေကိုတင်ဒါစနစ်နဲ့ လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေအနေနဲ့ ပျက်စီးနေတာတွေကို ပြန်လည်တည်ဆောက်ပေးဖို့ တာဝန်ရှိတယ်၊ ပြန်တည်ဆောက်ပေးဖို့ ကုမ္ပဏီတွေကို တိုက်တွန်းခဲ့ တယ်လို့ ကျောက်ဖြူခရိုင် ဆည်မြောင်းဦးစီးမှူး ဦးသက်လွင်ထွန်းကပြောပါတယ်။

 တာတမံ ပျက်တချို့ဟာ ၂ဝ၁၄ - ၂ဝ၁၅ ခုနှစ်အတွင်း ကုမ္ပဏီတစ်ခုတည်းကိုပဲ လုပ်ငန်းအ များအပြား ချထားပေးလိုက်ခြင်းရဲ့ အကျိုးဆက်ပါပဲလို့ ဦးစီးမှူးကပြောပါတယ်။ ကုမ္ပဏီက ကျွမ်းကျင် အင်ဂျင်နီယာ၊ စက်ကိရိယာမပြည့်စုံ၊ လုပ်ငန်းရဲ့သဘောတရားကိုနားမလည်တာကြောင့်  ဆောက်ပြီး တစ်နှစ်အတွင်းမှာ ပျက်စီးခဲ့ရတာ ဖြစ်တယ်လို့ သူကသုံးသပ်ပါတယ်။

 ဆိုးဝါးတဲ့ သဘာဝဘေးအန္တရာယ်မျိုးမကြုံတွေ့ရဘူးဆိုရင် တာတမံတွေကို ၃ နှစ်အထိ အာမခံ ပေးရမယ်၊  ဒီကာလမတိုင်ခင် ပျက်စီးသွားမယ်ဆိုရင် ကုမ္ပဏီရဲ့ တာဝန်ဖြစ်ကြောင်း လုပ်ငန်း စာချုပ်မှာ ဖော်ပြထားတယ်လို့ သူကဆိုပါတယ်။

 “ကုမ္ပဏီတွေက တစ်နေရာမှာလုပ်နေရင် နောက်တစ်နေရာအတွက် လုပ်ဖို့ အင်အားမရှိဘူး။ ကျောက်ငူရွာတို့၊ လောင်းကုတ် တောင်ရွာတို့ဆိုရင် လုပ်ငန်းနောက်ကျနေပြီလို့ ၂ဝ၁၄ ခုနှစ်ဧပြီလမှ စာအကြိမ်ကြိမ်ထုတ်မှလာတာ” လို့ ဦးစီးမှူးက ပြောပါတယ်။

 တာတမံတွေပေါ်မှာ ကျွဲ၊ နွား၊ ဝက်မွေးမြူ လွှတ်ကျောင်းခြင်းကိုလည်း မပြုလုပ်ကြဖို့ တာတမံ ဆိုင်ရာဥပဒေမှာ ပြဋ္ဌာန်းထားတာကို ဒေသခံတွေ သတိထားဖို့ လိုတယ်၊ လွှတ်ကျောင်းမယ်ဆိုရင်  တာတမံတွေရဲ့ ကြံ့ခိုင်ရေးကိုများစွာ ထိခိုက်စေတယ်လို့ သူကဆိုပါတယ်။

ကျောက်ငူကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်က အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့၊ အကူအညီရရှိမှသဘာဝဘေးဒဏ်သင့်ဒေသမှာနေထိုင်သူတွေ ပိုမိုအဆင်ပြေတယ် လု့ိ သုံးသပ်ပါတယ်။ ပညာရေးအတွက် စာသင်ကျောင်းတွေ တိုးချဲ့ တည်ဆောက်ပေးနေသလို ဒေသ ကိုအကျိုးပြုမယ့် အရည်အသွေးပြည့် တာတမံတွေလည်းလိုအပ်တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

 “ကျွန်တော်တို့ အဓိကတောင်းချင်တာကတာတမံတွေပဲ။ မြို့နဲ့အလှမ်းဝေးတဲ့ ကျွန်တော်တို့ ရွာတွေကို တိုးတက်အောင်လုပ်ပေးပါလို့ တောင်းဆိုချင်တယ်”  လို့ အုပ်ချုပ်ရေးမှူးက ပြောလိုက်ပါ တယ်။။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly