ပုသိမ် အောင်သီရိစျေးတွင် အမဲသွေးနှင့်ငါးပိတွင် တားမြစ်ဆေးများ အသုံးပြုထားကြောင်း တွေ့ရ

ပုသိမ် အောင်သီရိစျေးတွင် အမဲသွေးနှင့်ငါးပိတွင် တားမြစ်ဆေးများ အသုံးပြုထားကြောင်း တွေ့ရ

ပုသိမ် ။         ။ ပုသိမ်မြို့၊အောင်သီရိဈေးတွင် ရောင်းချသည့် အမဲသွေးတွင် ဖော်မလင်တွေ့ရှိရပြီး၊ငါးပိတွင် Rhodamine B ပါရှိကြောင်း တွေ့ရှိရသည်ဟု အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန က လက်ထောက်ညွန်ကြားရေးမှူးဒေါက်တာမျိုးထွန်းကျော်က မဇ္ဈိမသို့ပြောသည်။

"စစ်တဲ့ ငါးပိနမူနာတစ်မျိုးမှာ Rhodamine B ဆိုးဆေးပါတာကို တွေ့ခဲ့ရပါတယ်၊ကြက်သွေးပဲသွး နမူနာတစ်မျိုးမှာ ဖော်မလင်ကိုတွေ့ရှိခဲ့ပါတယ်၊ဆိုးဆေးပါတဲ့ ငါးပိ ကို ဆိုင်ကနေသိမ်းခဲ့ပါတယ်၊ ကြက်သွေးပဲသွေး ဖော်မလင်ပါလို့ ဈေးကွက်ကနေ သိမ်းခဲ့ပါတယ်။ ကြက်သွေးပဲသွေးကို လိုက်စုံစမ်းတဲ့အခါမှာ ကြက်သွေးပဲသွးအစစ်မဟုတ်ဘဲ အမဲသွေးတွေရောနှောထားတယ်လို့ သိရတဲ့အတွက် အမဲသွေးဖြန့်ချိရာ ဒိုင်ကိုစည်ပင်သာယာရေးအဖွဲ့နဲ့ ပူးပေါင်းပြီးဆက်လက်ဖော်ထုတ် အရေးယူသွားမှာဖြစ်ပါတယ်" ဟု အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး   ဒေါက်တာမျိုးထွန်းကျော်က မဇ္ဈိမ သို့ စစ်ဆေးတွေ့ရှိမှုအားပြောသည်။

"ဈေးကွက်နမူနာ ၃၁ မျိုးကောက်ယူခဲ့ပါတယ်၊ ၁၉ မျိုးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ချက်ချင်းစစ်ခဲ့ပါတယ် ။ ကျန်တဲ့ ၁၂ မျိုးက ဓါတ်ခွဲခန်းကိုယူပြီးစစ်မှာပါ "ဟုဆက်လက်ပြောသည် ။

ပုသိမ်မြို့၊ အောင်သီရိဈေးတွင် FDAက ဇူလိုင်လ၁၃ရက်နေ့တွင် ဈေးကွက်နမူနာကောက်ယူစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ထပ်မံတွေ့ရှိရခြင်းဖြစ်သည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)သည် ဇူလိုင်လအတွင်း ဟင်္သာတမြို့နယ်၊ဌေးဝင်းဈေး၊ ပဒေသာဈေးနှင့်ဝါးတန်းဈေးများတွင် ပစ္စည်း၄၅မျိုးကို ဈေးကွက်နမူနာကောက်ပြီးစစ်ဆေးရာ ပဲပြားတံဆိပ်လေးမျိုးတွင်ဖော်မလင်တွေ့ရှိရပြီး၊နနွင်းမှုန့်တစ်မျိုးတွင် Auramine O ကို စစ်ဆေးတွေ့ရှိရပြီး၊ပဲသွေးတွင် ဖော်မလင်တွေ့ရပြီးနောက် ပဲပြားထုတ်လုပ်သည့်စက်ရုံများအား တစ်လပိတ်သိမ်းခဲ့သည်။

Rhodamine B မှာ အစာအိမ်အူလမ်းကြောင်းရောင်ရမ်းခြင်း၊ပျို့ခြင်း၊အန်ခြင်း၊ဦးနှောက်အာရုံကြောထိုင်းမှိုင်းခြင်းညဆိုးကျိုးများဖြစ်ပေါ်ပြီး အများဆုံးငါးပိများ တွင်အသုံးပြုမှုများသည်။Auramine O ကြောင့် အဆိပ်အတောက်မဖြစ်စေနိုင်သော်လည်း ၊ခန္ဓာကိုယ်ကြီးခွားမှုကို ထိခိုက်စေခြင်း၊အသည်းနှင့်ကျောက်ကပ်များ ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများဖြစ်ပွားစေနိုင်ပြီး လက်ဖက်များတွင်အများဆုံးအသုံးပြုခြင်းကိုတွေ့ရှိသည်။

မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရှိရသော အစားအသောက်သုံးခွင့်မပြုသည့်ဆိုးဆေးများမှာ Auramine O၊RhodamineB. Sudan Dyes Orange|| ဖြစ်ပြီး၊အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဓာတုဆိုးဆေးများကို လုံးဝအသုံးမပြုရန်၊လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၂၈(က)အရ တရားစွဲနိုင်သည်။

ယနေ့တွင် ရန်ကုန်မြို့သီရိမင်္ဂလာဈေး၌ ရှောင်တခင်စစ်ဆေးရာ ဖော်မလင်ပါသော ပဲသွေး ၇၀၀၀ ကိုFDA မှ ဖျက်ဆီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly