ကင်ဆာဝေဒနာရှင် လျူရှောင်ဘိုအား ပြည်ပတွင် ဆေးကုသခွင့်ပြုရေး နိုင်ငံတကာတောင်းဆိုမှု တရုတ် ထပ်မံပယ်ချ

ကင်ဆာဝေဒနာရှင် လျူရှောင်ဘိုအား ပြည်ပတွင် ဆေးကုသခွင့်ပြုရေး နိုင်ငံတကာတောင်းဆိုမှု တရုတ် ထပ်မံပယ်ချ

ဇူလိုင် ၁၃ ။                ။ လက်ရှိအချိန်မှာ ကင်ဆာရောဂါနောက်ဆုံးအဆင့် ရောက်နေပြီ ဖြစ်တဲ့ နိုဘယ်လ်ဆုရှင် တရုတ်အတိုက်အခံ လျူရှောင်ဘိုကို ပြည်ပမှာ သွားရောက်ဆေးကုသမှုခံယူခွင့်ပြုဖို့   နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထပ်တလဲလဲတောင်းဆိုမှုတွေကို တရုတ်အစိုးရက ထပ်မံပယ်ချသွားခဲ့ပြန်ပါတယ်။

ယခုအခါ ဒီမိုကရေစီလှုပ်ရှားသူ လျူရဲ့ အခြေအနေ ပိုဆိုးလာနေတာကြောင့် ၎င်းကို ပြည်ပမှာ သွားရောက်ဆေးကုသမှုခံယူခွင့် အစိုးရဘက်က ခွင့်ပြုပေးသင့်ပြီ ဖြစ်ကြောင်း နိုင်ငံတကာက တိုက်တွန်းပြောကြားထားပါတယ်။

အသက် ၆၁ နှစ်အရွယ် တရုတ်နိုဘယ်လ်ဆုရှင် ဟာ ယခုအခါ နိုင်ငံအရှေ့မြောက်ပိုင်းက ဆေးရုံတစ်ခုမှာ အစောင့်အကြပ်များစွာနဲ့အတူ ကုသမှုခံယူနေလျက်ရှိပါတယ်။ ၎င်းရဲ့ အသက်ရှုပုံနဲ့ ကိုယ်အဂါၤအစိတ်အပိုင်းတွေ ကောင်းကောင်းအလုပ်မလုပ်ဆောင်တော့ကြောင်း ဆရာဝန်တွေက ပြောကြားခဲ့တာကြောင့် အခြေအနေနဲ့ပတ်သက်လို့ လွန်စွာစိုးရိမ်ပူပန်မိကြောင်း အမေရိကန်နဲ့ ဂျာမနီနိုင်ငံတို့က ထုတ်ဖော်ထားပါတယ်။

ဒါပေမယ့် ခုလို ပြည်ပနိုင်ငံတွေရဲ့ ဖိအားပေးတောင်းဆိုမှုတွေနဲ့ပတ်သက်လို့ ဇူလိုင် ၁၃ ရက်မှာပဲ တရုတ်အစိုးရက ထပ်မံ ပယ်ချသွားခဲ့ပါတယ်။

" ခုချိန်မှာ သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ ကျွန်တေ်ာတို့နိုင်ငံရဲ့ တရားစီရင်မှု အာဏာကို လေးစားလိုက်နာပေးကြမယ်လို့ မျှော်လင့်ပါတယ်၊ ဒီကိစ္စက ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်လို့ ဝင်မစွက်ဖက်စေချင်ပါဘူး" လို့ တရုတ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် Geng Shuang က ထုတ်ပြန်ပြောကြားသွားပါတယ်။

အတိုက်အခံ လျူရှောင်ဘိုရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ အစိုးရရဲ့ ထုတ်ပြန်မှုပိုင်းမှာ ပွင့်လင်းမြင်သာမှု မရှိမှုအပေါ်မှာလည်း လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ပြစ်တင်ပြောဆိုထားကြပါတယ်။

နိုဘယ်လ်ဆုရှင် အတိုက်အခံ လျူရှောင်ဘိုဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က ဒီမိုကရေစီလှုပ်ရှားမှုနဲ့ ထောင် ၁၁ နှစ်ချမှတ်ခံခဲ့ရသူဖြစ်ပြီး ပြီးခဲ့တဲ့လကမှ ကင်ဆာရောဂါကြောင့် ထောင်ကလွတ်ပြီး ဆေးရုံတက် ကုသမှုခံယူနေရသူဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required