အိမ်အကူကလေးငယ်များအား နှိပ်စက်ခဲ့ခြင်းမရှိဟု အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ထွက်ဆို

အိမ်အကူကလေးငယ်များအား နှိပ်စက်ခဲ့ခြင်းမရှိဟု အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ထွက်ဆို

ရန်ကုန်၊ ဇူလိုင်လ ၁၃ ။          ။ အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူလာရောက်လုပ်ကိုင်ခဲ့သည့် မိန်းကလေးငယ်များကို တစ်စုံတစ်ရာ ညှင်းပန်း နှိပ်စက်ခဲ့ခြင်းမရှိဟု အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်   ဒေါ်တင်သူဇာက အနောက်ပိုင်းခရိုင် တရားခွင်ရှေ့တွင် ယနေ့ထွက်ဆိုခဲ့သည်။

အဆိုပါ အင်းဝအပ်ချုပ်ဆိုင်အမှုနှင့် ပတ်သက်ပြီး စွပ်စွဲခံရသူ ၆ ဦးကို ယနေ့ ဇူလိုင်လ ၁၃ ရက်၊ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးတွင်စတင် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တရားလိုများဘက်မှ လိုက်ပါဆောင်ရွက်ပေး နေသည့် ခရိုင်ဥပဒေအရာရှိက ဒေါ်တင်သူဇာကို အပြန်အလှန် မေးခွန်းများမေးမြန်းခဲ့ရာ ဒေါ်တင်သူဇာက ထိုသို့ ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

တရားရုံးတွင် ဒေါ်တင်သူဇာ၏ ထွက်ဆိုချက်အရ ၎င်းဆိုင်တွင် အိမ်အကူလုပ်ကိုင်ခဲ့သည့် မသဇင်အား အလုပ် လုပ်ကိုင်ရာတွင် အဆင်မပြေသည့်အခါ တုတ်ဖြင့် ရိုက်ခြင်း၊ ဓားနှောင့်ဖြင့် ဦးခေါင်းအား ရိုက်ခြင်း၊ ကတ်ကြေး ဖြင့် လက်မောင်းအား ထိုးခြင်း၊ ပေါင်မုန့်လှီဓားဖြင့် ခုတ်ခြင်း၊ ခြေသလုံးအား မီးပူဖြင့် ကပ်ခြင်း၊ မျက်လုံးထဲသို့ ငရုတ်သီးမှုန့်ထည့်ခြင်းများ ပြုလုပ်ခဲ့ခြင်းမရှိဟု ဆိုသည်။

မသဇင်ထံတွင် ရရှိထားသော ဒဏ်ရာများမှာ အင်းဝအပ်ချုပ်ဆိုင်သို့ အိမ်အကူ လာရောက် မလုပ်ကိုင်မီအချိန်က ၎င်းနေထိုင်သည့်ရွာတွင် ဆော့ကစားရာမှ ရရှိထားသော အမာရွတ်များသာဖြစ်ကြောင်း ခရိုင်ဥပဒေအရာရှိ မေး မြန်းချက်ကို ဒေါ်တင်သူဇာက ထွက်ဆိုခဲ့သည်။

အဆိုပါ အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူလုပ်ကိုင်ခဲ့သည့် မစန်းကေခိုင်နှင့် မသဇင်တို့ကို ၎င်းတို့မှ ခေါ်ယူခဲ့ ခြင်းမဟုတ်ဘဲ ကလေးငယ်များ၏ မိဘအုပ်ထိန်းသူများက တောင်းပန်အပ်နှံ၍ လက်ခံခဲ့ခြင်းဖြစ်ကြောင်း ဒေါ်တင်သူဇာက ပြောဆိုသည်။

မသဇင်အတွက် လုပ်ခလစာ ၁၅,ဝဝဝ ကျပ် ကိုလည်း တစ်ခါတရံ ၎င်းအဖွားဖြစ်သူ လာယူခဲ့သည့် အပြင် မစန်း ကေခိုင် ဖခင်နှင့် မိခင်ဖြစ်သူတို့ကလည်း လာရောက်ထုတ်ယူခဲ့ကြပြီး လုပ်ခလစာပေးရန် ကြွေးကျန်များ မရှိကြောင်း ဒေါ်တင်သူဇာက ပြောသည်။

အဆိုပါ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာအပါအဝင် တင်မင်းလတ်၊ စုမွန်လတ်၊ ရာဇာထွန်းတို့ကို ခရိုင်တရားရုံးမှ မေလ ၂၅ ရက်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ - ၂၉ ဖြင့်လည်းကောင်း၊ ကလေးသူငယ်ဥပဒေပုဒ်မ - ၆၆ (ဃ)ဖြင့် လည်းကောင်း၊ နာကျင်စေမှုဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၂၅/ ၃၄၄ ဖြင့် လည်းကောင်း အသီးသီးစွဲချက်တင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဦးကိုလတ်နှင့် သီရိလတ်တို့ကိုလည်း မိန်းကလေးငယ်နှစ်ဦးအား နှိပ်စက်ရာတွင် ဟန့်တားခြင်းမရှိဘဲ ပူးပေါင်းပါဝင်ခဲ့သည့်အတွက် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ - ၂၄/ ၂၇/ ၃၂ တို့ဖြင့် လည်း ကောင်း၊ နာကျင်စေမှုဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၂၅/ ၁၁၄/ ၃၄၄/ ၁၂၄ တိုဖြင့် လည်းကောင်း အသီးသီး စွဲချက်တင်လိုက်သည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ဒေါ်တင်သူဇာပါ မိသားစုဝင် ၆ ဦးမှာ အိမ်အကူမိန်းကလေးငယ် နှစ်ဦးဖြစ်သည့် မစန်းကေခိုင်နှင့် မသဇင်တို့အား လွန်ခဲ့သည့် ၅ နှစ်ခန့်မှစပြီး အိမ်အကူဖြင့်ခိုင်းစေခဲ့ရာ တစ်လတစ်သောင်းနှုန်း ဖြင့် လစာ ၈ လစာသာပေးခြင်း၊ မိဘများနှင့် တွေ့ဆုံခွင့်မပေးဘဲ ခြိမ်းခြောက်ဟန့်တားခြင်း၊ အပြင်းအထန်ဒဏ် ရာ ရရှိအောင် သစ်သားတုတ်ဖြင့် ရိုက်ခြင်း၊ ရေနွေးပူဖြင့်လောင်းခြင်း၊ ဓားဖြင့်ခုတ်ခြင်း၊ ကတ်ကြေးဖြင့် ထိုးခြင်း၊ လက်များအား လှန်ချိုးခြင်း၊ တံမြက်စည်းဖြင့် ရိုက်ခြင်း စသည့်ဖြင့် ပြုလုပ်ခဲ့သဖြင့် ခရိုင်တရားသူကြီးက ယင်း အမှုများကို စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာပါ ၆ ဦးမှာ ပြစ်မှုများကို မကျူးလွန်ကြောင်း တရားရုံးတွင် ပြန်လည် ထွက်ဆိုခဲ့သဖြင့် အဆိုပါအမှုနှင့် ပတ်သက်၍ ဇွန်လ ၈ ရက်နေ့ ရုံးချိန်းမှစကာ ဇူလိုင်လ ၆ ရက်နေ့ ရုံးချိန်းထိ ပြန်ခေါ်သက်သေများစစ်ဆေးခဲ့ပြီး ယနေ့ ဇူလိုင်လ ၁၃ ရက် ရုံးချိန်းတွင် စွပ်စွဲခံရသူ ဒေါ်တင်သူဇာအပါအဝင် ၆ ဦးကို စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required