အရေပြားအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါ်မြတ်စန္ဒာကျော်နဲ့ တိုက်ရိုက်တင်ဆက်မှုမှ ကောက်နှုတ်တင်ပြချက် အပိုင်း( ၂ )

အရေပြားအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါ်မြတ်စန္ဒာကျော်နဲ့ တိုက်ရိုက်တင်ဆက်မှုမှ ကောက်နှုတ်တင်ပြချက် အပိုင်း( ၂ )

မိတ်ကပ် ၊ ဓါတုပစ္စည်းနှင့် အသားအရေ နှင့်ပတ်သက်ပြီး အရေပြားအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါ်မြတ်စန္ဒာကျော်နှင့် Comment များမှ တိုက်ရိုက်မေးမြန်းမှုများကို ပြန်လည် ထုတ်လွှင့်ခြင်း ဖြစ်ပါသည်။ အပိုင်း (၂)

မေး - မိတ်ကပ် နေ့တိုင်းလိမ်းသင့်ပါလား။ ဘေးထွက်ဆိုးကျိုး ဘာတွေများ ရှိပါသလဲ ခင်ဗျ။

ဖြေ - မိတ်ကပ်ဆိုတာက အရေပြားရဲ့ အရောင်ကို ပြောင်းလဲပြီးတော့ တောက်ပသွားအောင် လုပ်ပေးနိုင်တာပေါ့။ ဒါပေမယ့် မိတ်ကပ်က ဓါတုပစ္စည်းဆိုတာကို တချို့လူတွေက မေ့နေကြတယ်။ မိတ်ကပ်တိုင်းက ဓါတုပစ္စည်းပဲ။ အမြဲတမ်း သုံးတာက Daily Work မှာတော့ လိုတာပေါ့။ ဒါပေမယ့် တချို့ အချိန်တွေမှာ Make Up Free Period ပေါ့။ မိတ်ကပ်မလိမ်းရတဲ့ နေ့လေးတွေ၊ အလုပ်နားသလို မျက်နှာနဲ့ အရေပြားလေးကို အနားပေးသင့်တာပေါ့။ ဘာလို့လဲဆိုတော့ မိတ်ကပ်ဆိုတာ ဓါတုပစ္စည်းဖြစ်လို့ပဲ။ မိတ်ကပ်သုံးမယ်ဆိုတာနဲ့ မိတ်ကပ်ဖျက်တဲ့ Make Up Remover ကို ပုံမှန်ဆပ်ပြာနဲ့ မပြောင်ဘူးဆိုရင်တော့ Make Up Remover ကို သုံးလို့ရပါတယ်။ ဒါပေမယ့် ညှင်သာစွာနဲ့ သုံးသင့်တယ်။ မျက်နှာကို ကြမ်းကြမ်းကိုင်လိုက်တာမျိုးတွေ ပွတ်တိုက်လိုက်တာမျိုးတွေ အထူးသဖြင့် အရေပြားပါးတဲ့ မျက်လုံးတဝိုက်တွေ၊ မျက်ခွံတဝိုက်တွေ နှုတ်ခမ်းတဝိုက်တွေကို ပြင်းထန်တဲ့ Make Up Remover တွေ သုံးလိုက်မယ်ဆိုရင် အရေပြား ဒဏ်ရာရသွားနိုင်တယ်။

မေး - မိတ်ကပ်နေ့တိုင်း လိမ်းပြီး အလုပ်လုပ်ရပါတယ်။ အဆီအရမ်းပြန်လာတာ ဘယ်လိုလုပ်ရမလဲခင်ဗျ။

ဖြေ - မျက်နှာကို အဆီများလို့ဆိုပြီး မျက်နှာကို ခဏခဏ သစ်ရင် မကောင်းဘူး။ မျက်နှာ ခဏခဏ သစ်တဲ့အတွက် မျက်နှာအရေပြားထိခိုက်နိုင်တယ်။ အဲ့ဒီအခါကျတော့ အခုနောက်ပိုင်းမှာ တစ်ရှူးလေး၊ စက္ကူလေးတွေ ပေါ်လာတယ်။ တို့လိုက်ရုံနဲ့ အဆီလေးပါသွားတာမျိုးတွေ အဲ့တာလေးတွေ သုံးလို့ရပါတယ်။ အရေပြားမှာ အမျိုးမျိုးရှိတယ်။ အဆီများတဲ့လူရှိသလို၊ ခြောက်သွေ့တဲ့လူရှိတယ်။ အဆီများတဲ့ သူဟာ Lotion လိုဟာမျိုး ပါတဲ့ဟာ သုံးသင့်တယ်။ မိတ်ကပ်ဆိုရင် အဆီများများကို သုံးလိုက်မယ်ဆိုလို့ရှိရင် မွှေးညှင်းပေါက် ပိတ်သွားမယ်၊ ပိုနေရခက်မယ်။ စိတ်ညစ်တဲ့အခါမှာ ချွေးထွက်တဲ့အခါမှာ အဆီပိုပြန်မယ်။ ဒါကြောင့်မို့လို့ သူ့လိုလူမျိုးကတော့ မိတ်ကပ်အရည်များများပါတဲ့ဟာမျိုးကို သုံးသင့်တယ်။

မေး - အသားအရည်ကို ချောမွေ့စေတဲ့ ဘယ်လို Lotion သုံးသင့်ပါသလဲခင်ဗျ။

ဖြေ - ဘယ်ပစ္စည်းမဆို အရေပြားထိန်းပစ္စည်းတွေ Skin Cares Products တွေသုံးတဲ့အခါ အကုန်လုံးက ဓါတုပစ္စည်းတွေ ဆိုတာအမြဲတမ်း သိရမယ်။ ကိုယ်နဲ့ တည့်တဲ့ဥစ္စာက အကောင်းဆုံးပဲ။ ကိုယ်နဲ့တည့်တဲ့ ဥစ္စာမှန်း ဘယ်လိုသိမလဲဆိုရင် စမ်းကြည့်လို့ရတယ်။ တောက်လျောက်သုံးလာတဲ့ဟာ ဆိုရင်တော့ အကောင်းဆုံးပဲ။ နားရွက်နောက်တို့ လက်အတွင်းသား အရေပြားတွေမှာ လိမ်းကြည့်ပြီး ၂၄ နာရီလောက် စောင့်ကြည့်လိုက်ရင် အရေပြားယောင်ရမ်းတဲ့လက္ခဏာ ဥပမာ - နီမြန်းတာ၊ ယားတာ မဖြစ်ဘူးဆိုရင် သုံးလို့ရတယ်။ ဒါပေမယ့် တစ်ခါတစ်လေကျရင် လက်မှာ စမ်းရင် မဖြစ်ဘဲနဲ့ တစ်ကိုယ်လုံးကို လိမ်းလိုက်တော့မှ Allergy ဖြစ်တာမျိုးလည်း ဖြစ်တတ်တယ်။ လူတွေက ထင်ကြတယ် ဈေးကြီးတဲ့ ဥစ္စာကောင်းတယ်။ ဒါပေမယ့် မဟုတ်ဘူး။ ကိုယ်နဲ့တည့်တဲ့ပစ္စည်းသည် ကိုယ့်အတွက် အကောင်းဆုံးပဲ။ ရက်လွန်နေတဲ့ပစ္စည်းမဖြစ်ရဘူး။ ထားတဲ့ပုံစံမှန်ရမယ်။ အဖုံးလုံအောင် ပိတ်ထားရမယ်။ အဲ့လိုပစ္စည်းသုံးနိုင်တယ်ဆိုရင် ကောင်းတယ်။

မေး - မျက်နှာသစ်ဆေးသုံးပြီးရင် အသားပတ်သလိုဖြစ်ပြီး မျက်နှာအရေပြားတင်းနေတာ ဘာဖြစ်လို့ပါလဲ။

ဖြေ - အရေပြားဆိုတာ ပုံမှန် ချွေးစိုနေရမယ်။ အဆီလေးတွေ ထွက်နေရမယ်။ ပျော့ပျော့ပြောင်းပြောင်း ရှိရမယ်။ အဲ့လိုမဟုတ်ဘဲနဲ့ ပြောင်းလဲမှု တစ်ခုခုရှိပြီဆိုလို့ရှိရင် အရေပြား ပြဿနာမတက်ခင်မှာ သုံးထားတဲ့ ပစ္စည်းကို ပြန်ပြီးတော့ စဉ်းစားသင့်တယ်။ နောက်ဆုံးသုံးတဲ့ ပစ္စည်းက စပြီးတော့ပေါ့။ ကိုယ်က စဉ်းစားလို့မရဘူး။ ဘာ့ကြောင့်လဲ မသိဘူးဆိုလို့ရှိရင် သုံးနေတဲ့ အရေပြားထိန်းပစ္စည်းအကုန်လုံးကို ဖြတ်ချ လိုက်သင့်တယ်။ ပြီးတော့မှ တစ်ခုချင်း ပြန်ထည့်သုံးပြီး ဘာ့ကြောင့်လဲဆိုတာ ပြန်စဉ်းစားတာမျိုး လုပ်ရမယ်။ ကိုယ်သုံးနေတဲ့ ပစ္စည်းကို သတိထားရမယ်။ နောက်တစ်ခုက Lifestyle ပေါ့။ Aircon တွေ အရမ်းခံနေတာလား၊ နေပူထဲတွေ အရမ်းထွက်နေတာလား။ အဲ့လို Lifestyle ကိုလည်း နဲနဲလေးတော့ ပြင်သင့်တာပေါ့။ လေတိုက်အရမ်းခံတာမျိုးတွေလည်း ဆင်ခြင်သင့်ပါတယ်။

မေး - ကျွန်တော်တို့နိုင်ငံရဲ့ ရာသီဥတုမှာ နေလောင်ဒဏ်ကို ကာကွယ်ဖို့ဆိုရင် ဘယ်လိုမျိုးကို သုံးသင့်ပါသလဲ။

ဖြေ - လိမ်းတာကို မပြောခင်မှာ နံပါတ်တစ်က အဝတ်အစားတွေကိုလည်း မမေ့စေချင်ဘူး။ ဦးထုပ်အဝိုင်းကြီးကြီး ဆောင်းတာမျိုးပေါ့။ နေကာမျက်မှန်တပ်တာမျိုး ပုဝါခြုံတာမျိုး Mask ဖုံးတာမျိုးပေါ့။ နောက်ပြီးတော့ နေပူတင်မကဘဲ လေပူကလည်း အန္တရာယ်ရှိတယ်ဆိုတာလည်း သိစေချင်တယ်။ လည်ပင်းကိုလည်း လည်စီး စီးတာမျိုး၊ လက်ရှည်ဝတ်တာမျိုး၊ ခြေစွပ်စွပ်တာမျိုး တွေလည်း လုပ်သင့်တယ်။ နေရောင်ကာ ခရင်မ်ကတော့ အများကြီးပဲ၊ ကောင်းတာတွေလည်း အများကြီးပဲ။ ဘယ်ဟာမှ မကောင်းဘူး မပြောဘူး။ ကိုယ်နဲ့တည့်ရင် ကောင်းတာပဲ။ အဲ့တော့ ကိုယ်နဲ့ မတည့်ရင် ဘာဖြစ်မလဲဆိုတာ အရင်သိရမှာပေါ့။ ကိုယ်နဲ့မတည့်ရင် အရေပြားက ခြောက်သွေ့မယ်၊ အသားရေနီမြန်းမယ်။ ယားလာမယ်။ အကြေးခွံလေးတွေ ပေါ်လာမယ်။ အရောင်ပြောင်းလာမယ်။ အဲ့ဒီလို တစ်ခုခုပြောင်းလာရင် နေရောင်ကာခရင်မ်ပဲဖြစ်ဖြစ် မတည့်တော့ဘူးပေါ့ အဲ့တာကို သတိထားသင့်တယ်။

မေး - မျက်နှာသစ်တဲ့ ချေးချွတ်ဆေးတွေ သုံးရင်ကော ဘာဘေးထွက်ဆိုးကျိုးရှိနိုင်မလဲ ခင်ဗျ။

ဖြေ - မျက်နှာချေးချွတ်ဆေး လို့ပြောရင် ဓါတုပစ္စည်းလို့ပဲ မြင်ကြပါ။ ဓါတုပစ္စည်းရဲ့ ထုံးစံအတိုင်းပဲ တည့်တာလဲ ဖြစ်နိုင်သလို Cosmetic တစ်ခု သုံးမယ်ဆိုရင် ပုံမှန်အရေပြားကို မထိခိုက်တာမျိုး ဖြစ်ရမယ်။ လှတဲ့လူတွေက ပိုလှချင် လှသွားမယ်။ ဒါပေမယ့် ဓါတ်မတည့်မှုလဲ ဖြစ်တတ်တယ်။ ဘယ်ဓါတုပစ္စည်းကမဆို ဓါတ်မတည့်မှုက ဖြစ်နိုင်တယ်။ Over ဖြစ်သွားနိုင်တယ်။ အရေပြားကို စားပစ်လိုက်တာမျိုး။ ဒဏ်ရာကျန်တာမျိုးတွေ အရောင်ပြောင်းသွားတာမျိုးတွေ ဖြစ်တတ်တယ်။ ဓါတ်မတည့်မှု ဆိုပေမယ့် ဓါတ်မတည့်တာက အကြာကြီး နေပြီးတော့မှ ဖြစ်တတ်တော့ ဘယ်လို Skin Cares မဆို ဓါတုပစ္စည်းဆိုတာ မမေ့ကြစေချင်ပါဘူး။

မေး - အားကစား လုပ်တာပဲဖြစ်ဖြစ်၊ အလုပ်ပင်ပင်ပန်းပန်း လုပ်ရတာပဲဖြစ်ဖြစ် အသားအရေကို ထိခိုက်နိုင်တာများ ရှိသလားခင်ဗျ။

ဖြေ - Sports and Skins ပေါ့။ အားကစားလုပ်တာက အရေပြားကို ထိခိုက်နိုင်လားဆိုတော့ အားကစားလုပ်တာက မတရားကောင်းတာ။ ကျန်းမာရေးကို မထိခိုက်နိုင်ဘူး။ အရေပြားရဲ့ ကျန်းမာရေးကိုလည်း ကောင်းစေတယ်။ သွေးသွား သွေးလာ များစေတယ်။ ဒါပေမယ့် အားကစား လုပ်ပြီးတဲ့အခါမှာ ချွေးစိုရင် လဲရမယ်၊ ချွေးစိုတာ မလဲရင် ညှင်းဖြစ်တတ်တယ်။ အားကစားလုပ်ပြီးတဲ့ အခါမှာ မျက်နှာသုတ်ပုဝါ သဘက်နဲ့ ပွတ်သုတ်တဲ့အခါမှာ အရေပြားထိခိုက်ဒဏ်ရာ ရသွားလို့ရှိရင် မွှေးညှင်းပေါက်လေးတွေ ယောင်ပြီးတော့မှ မိတ်ဖုလေးတွေကနေ ဝက်ခြံဆန်တဲ့ အဖုလေးတွေ ပြောင်းလဲ တတ်တယ်။ နောက်ပြီးတော့ အားကစားလုပ်ပြီးလို့ ချွေးတဲ့ နူးနေတဲ့အချိန်မှာ မျက်နှာကို ပွတ်တိုက်ဆေးကြော တာမျိုးုလပ်တဲ့အခါမှာ ဝက်ခြံထွက်တတ်တယ်။ ဝက်ခြံအတွက်ကတော့ အားကစားလုပ်တဲ့အခါမှာ Stress တွေကို လျော့ပေးတာ ဖြစ်တဲ့အတွက် သွေးလည်ပတ်မှုအားကောင်းလို့ ဝက်ခြံထွက်တာကို သက်သာစေတယ်။ ဒါပေမယ့် မျက်နှာကို ထိခိုက်ဒဏ်ရာရအောင်လို့ အားကစားလုပ်ပြီးတဲ့အချိန်မှာ ပွတ်တိုက်ဆေးကြောတာမျိုး မလုပ်သင့်ပါဘူး။

အင်တာဗျူး အပိုင်း (၁)ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်- http://mizzimaburmese.com/article/28934

အပိုင်း (၃) ဆက်လက် တင်ဆက်ပေးပါမည်...

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly