နိုင်ငံရေးအကျဉ်းသားဟောင်းများကို Fellowship အဖြစ် မီဒီယာ နှင့် အရပ်ဘက်အဖွဲ့အစည်းတွင် စေလွှတ်သည့် အခမ်းအနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ

နိုင်ငံရေးအကျဉ်းသားဟောင်းများကို Fellowship အဖြစ် မီဒီယာ နှင့် အရပ်ဘက်အဖွဲ့အစည်းတွင် စေလွှတ်သည့် အခမ်းအနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ

"ကျွန်တော်တို့ ဒီရန်ကုန်တိုင်းအတွင်းမှာ နိုင်ငံရေးစီးပွားရေးလူမှုရေး ပြုပြင်ပြောင်လဲမှုများစွာကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်နေပါတယ်။ ဒီဆောင်ရွက်နေရေးနဲ့ ပတ်သက်၍ ပြည်သူလူထုနဲ့ ကာလကြားရှည် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေထဲမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်တွေ ညီအစ်ကိုမောင်နှမတွေ များစွာရှိပါတယ်။

ဒါပေမယ့် ဒီများစွာရှိတဲ့သူတွေအားလုံဟာ တာဝန်ယူဆောင်ရွက်ရတဲ့ နယ်ပယ်အသီးသီးမှာ ကွာခြားသွားတာလေးတွေ ရှိပါတယ်။ ကွာခြားသွားတဲ့ အခြေအနေတွေရှိတဲ့အတွက် တစ်ချိ့ အခြေအနေတွေကို Relation လုပ်ရတဲ့အခါမှာ အခက်အခဲ ရှိလာတာလေးတွေ ကျွန်တော်တို့ တွေ့ရပါတယ်။ ကျွန်တော်တို့လည်း ဒီတစ်နှစ်တာ တာဝန်ယူပြီးတဲ့ အခြေအနေကာလမှာ ဘာအခက်အခဲ ဖြစ်လာသလဲဆို ကျွန်တော်တို့ အားလုံးကကို အလုပ်က ကျွန်တော်တို့ကို တွန်းကို့လာတဲ့ အခြေအနေတွေ ကြုံနေရပါတယ်။ မနက်ဖြန်မှာ ဘာအစီစဉ်တွေရှိလဲဆိုတာ ကျွန်တော်တို့က စီစဉ်ထာတာ မဟုတ်တော့ဘဲနဲ့ အလုပ်ကနေ စီစဉ်ထားတဲ့ အစီစဉ်တွေ ဖြစ်လာပါတယ်။ ဘာကြောင့်လဲဆို နယ်ပယ်တွေက အများကြီးဖြစ်လာတဲ့အတွက် ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဆုံတွေ့နိုင်ဖို့ ကျွန်တော်တို့မှာ အခက်အခဲ ရှိလာပါတယ်။ နိုင်ငံရေးအကျဉ်းသားဆိုတာ ကျွန်တော်တို့ကိုယ်တိုင်လည်း နိုင်ငံရေးအကျဉ်းသားပါပဲ။ ကျွန်တော်တို့ မိသာစုတွေ နွေးနွေးထွေးထွေး ဆွေးနွေးနိုင်ဖို့ဆိုတဲ့ အခြေအနေမျိုးကို ကျွန်တော်တို့စဉ်းစားပါတယ်။ ဒါကြောင့်မို့ ကိုအောင်ဒင်ကနေ ဒီနေ့ပွဲလေးတစ်ခုလုပ်မယ် ဒီပွဲလေးနဲ့ ပတ်သက်တဲ့ အခြေအနေတွေအားလုံကိုလည်း ကျွန်တော် အလွန်အင်မတန်မှ သဘောကျပါတယ်။

ဘာကြောင့်လဲဆိုတော့ နောက်ထပ်နိုင်ငံရေး အကျဉ်းသားတွေအတွက် ရနိုင်မယ့်အခွင့်အလမ်းတွေကို ကျွန်တော်တို့ ဆောင်ရွက်ချင်ပါတယ်။ ဘာကြောင့်လဲဆို နယ်ပယ်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသားတွေဟာ ဘဝရဲ့ဖြတ်သန်းခဲ့မှုတွေအရ ရင့်ကျက်မှုတွေ တည်ငြိမ်မှုတွေ အများကြီးရှိပါတယ်။ သူတို့လုပ်ဆောင်နိုင်မယ့် နယ်ပယ်တွေကို စနစ်တကျ ဖန်တီးတည်ဆောက်နိုင်မယ်ဆိုရင် ရန်ကုန်မြို့တော်ကြီးသော်လည်းကောင်း၊ နိုင်ငံတော်အတွက်သော်လည်းကောင်း အကျိုးရှိနိုင်မယ့်လုပ်ငန်းတွေ ပေါ်လာနိုင်ပါတယ်။ ဒီထဲမှာ ကျွန်တော်တို့ အခုလက်တလော မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲနေတဲ့ အခြေအနေပေါ်မှာ ရှုမြင်နိုင်စရာ အခြေအနေလေးတစ်ခုကို ဒီမှာပြောပြချင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီအပြည့်အဝရနေတာ မဟုတ်သေးဘူးဆိုတာကို ကျွန်တော်တို့ သတိချပ်ဖို့လိုပါတယ်။ ဒါဟာမေ့သွားတတ်ပါတယ်။ ဘာကြောင့်လဲဆို အခုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၇၅ရာခိုင်နူန်းနေရာထဲက ၈၀ရာခိုင်နူန်းနေရာကို ကျွန်တော်တို့ တာဝန်ယူနေတာဖြစ်ပါတယ်။ တာဝန်ယူရတဲ့အပိုင်းက ၁၀၀ရာခိုင်နူန်းလောက်ကို တာဝန်ပေးထားသလို ဖြစ်နေပါတယ်။ ဘာကြောင့် ၁၀၀ရာခိုင်နူန်းလောက်ဆို တပ်နဲ့ဆောင်ရွက်နေတဲ့ အပိုင်းတွေကိုပါ တာဝန်ယူနေရတဲ့ အပိုင်းရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လုပ်နိုင်တဲ့ အခြေအနေဟာ ၇၅ရာခိုင်နူန်းထဲက ၈၀ပဲရှိပါတယ်။ ဒါကို ကျွန်တော်တို့ သတိချပ်ဖို့လိုအပ်မယ်လို့ ဒီနေရာမှာ အသိပေးချင်ပါတယ်။

ဘာကြောင့်လဲဆို တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ အခုဒီမိုကရေစီရနေပြီလို့ ထင်နေနိုင်ပါတယ်။ ဒီမိုကရေစီရဖို့ ကြိုးပမ်းနေရတဲ့ ကာလမှာပဲ ရှိပါသေးတယ်။ အရပ်သားအုပ်ချုပ်ရေးတက်လာပေမယ့် အရပ်ဘက်စစ်ဖက်ဆက်ဆံရေးဆိုတာ ဒီမိုကရေစီမှာမရှိပါဘူး။ အရပ်သားအုပ်ချုပ်ရေးရဲ့အောက်မှာပဲ စစ်ဘက်ဆိုတာ ရှိရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကာကွယ်ရေးဦးစီးချုပ်ဆိုတာ Protocol(သံတမန်ရေး) အရဆိုရင် ညွှန်ကြားရေးမှူးချုပ် Level(အဆင့်) ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ Relation ဆက်ဆံနေရတဲ့ ဥစ္စာက နိုင်ငံ့အကြီးအကဲ Level တစ်ခုထဲကို ထည့်ဆက်ဆံနေရတာ၊ ဒါဟာ ဒီမိုကရေစီ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့က ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နေတဲ့ ကာလအတွင်းမှာ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီလိုလားသူတွေရဲ့ကြားမှာ တူညီတဲ့ဆောင်ရွက်မှုတွေ၊ ခြေလှမ်းရှိနိုင်ဖို့လိုအပ်မယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ ဒါဟာအရေးကြီးပါတယ်။ ဘာကြောင့်လဲဆို ဒီအခြေအနေကို ကျွန်တော်တို့တကယ့်ကို လက်ခံမထားနိုင်ဘူးဆိုရင် ပထမတစ်ဆင့် ဒီမိုကရေစီလှုပ်ရှားသူတွေကြားမှာပဲ ပြိုကွဲလာပါလိမ့်မယ်စပြီး။ ဒါကြောင့်မို့ ကျွန်တော်တို့က ဘာကိုစပြီး စဉ်းစားလဲဆိုတော့ ကျွန်တော်တို့ ရနိုင်တဲ့အခွင့်အလမ်းတွေထဲက Rights(အခွင့်အရေး) တွေအားလုံးကို ပုံဖော်နိုင်ဖို့ပဲဖြစ်ပါတယ်။

ဒီနေ့ဆိုရင် ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းသားသမဂ္ဂရုံးခန်းဖွင့်မယ်။ ကျောင်းသားသမဂ္ဂရဲ့ တရားဝင်ရပ်တည်ရေးကို ကျွန်တော်တို့ကြိုးပမ်းမယ်။ ဒါဘာကြောင့်ကြိုးပမ်းလဲ ဒေါက်တာမောင်မောင်ကပြောသလိုပေါ့ ဖြည်းဖြည်း အေးအေး ဆေးဆေး  လုပ်ကြတာပေါ့ဆိုရင် အခြေအနေတစ်ခု ပြောင်းသွားရင် ကျောင်းသားတွေ အတွက်အခြေအနေကို ကျွန်တော်တို့ ဘယ်လောက်လုပ်ပေးနိုင်မလဲဆိုတာ အနာဂါတ်ဟာ ကျွန်တော်တို့အတွက် သိပ်သေချာနေပြီလို့ ဘယ်သူမှ ပြောလို့မရပါဘူး။ ဘာကြောင့်လဲဆို ကျွန်တော်လည်းအကုန်လုံးကို တာဝန်ခံတယ်ဆိုတာ ဒီထဲမှာဘယ်သူမှ မနက်ဖြန်၊ သဘက်ခါမှာ ဘာဖြစ်မလဲဆိုတာ ပြောနိုင်တဲ့ အခြေအနေ မဟုတ်ပါဘူး။ ဒီနေရာမှာ ကျွန်တော် ပထမတစ်ဆင့်ပြောချင်တာက ကျွန်တော်တို့ရဲ့ လုပ်နိုင်တဲ့ နယ်ပယ်ထဲက ရနိုင်သမျှအားလုံး ညီညီညွှတ်ညွှတ်နဲ့ ရယူထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အခုကျွန်တော်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျွန်တော်တို့လုပ်နေပါတယ်။ ပင်လုံညီလာခံနဲ့ ပတ်သတ်တဲ့ အခြေအနေတွေ ရှိပါတယ်။ ဒါပေမယ့် ဒီအခြေအနေမှာ ကျွန်တော်တို့ ဘာကိုရယူသွားမလဲဆိုတဲ့ အခြေအနေတစ်ခုရှိပါတယ်။ ၂၀၁၀ရွေးကောက်ပွဲကို မဝင်တော့ဘူးဆိုတဲ့ အခြေအနေမှာ ဒီကလေးမြို့မှာ ကျင်းပတဲ့ပွဲကို တက်ခဲ့တဲ့သူတွေရှိပါတယ်။ ကိုတိုးကျော်နိုင်တို့ ဘာတို့ဆို ဒီပွဲကိုရောက်ခဲ့တယ်၊ အဲဒီတုန်းက ဂီရိမုန်တိုင်းရှိနေတဲ့အတွက် ရန်ကုန်ကလာမယ့် လေယာဉ်ခရီးစဉ်တွေ ပျက်သွားတဲ့အတွက် ကျွန်တော်တို့ တောင်မရောက်နိုင်ခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်တို့ရန်ကုန်က ကြိုးပမ်းခဲ့တယ်။ ခွဲထွက်ရေးလည်း မဟုတ်ဘူး၊ တစ်ပြည်ထောင် မဟုတ်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို ကျွန်တော်တို့ တည်ဆောက်မယ်လို့ ကျွန်တော်တို့ သံဒိဌာန်ပြုခဲ့ကြတယ်။ အခုကျွန်တော်တို့ ခွဲထွက်ရေးကို ဆွေးနွေးနေမယ်ဆိုရင် ဒီ Convention ဆုံးဖြတ်ချက်ကျမှာ မဟုတ်ဘူး၊ မကျရင် ဖွဲ့စည်းပုံပြင်နိုင်မှာ မဟုတ်ဘူး၊ ဖွဲ့စည်းပုံမပြင်နိုင်ဘူးဆိုရင် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အခက်အခဲထဲကို ပြန်ရောက်ပြီး ရှေ့မတိုးနိုင်ဘဲ ဖြစ်လိမ့်မယ်။

ကျွန်တော်တို့ မြန်မြန်ဆန်ဆန် ရှေ့တိုးနိုင်အောင် အဲဒီအချိန်တုန်းက တိုင်းရင်းသားခေါင်းဆောင်များစွာနဲ့ ကလေးမြို့ ကြေငြာစာတမ်းကြီး လုပ်ခဲ့တယ်။ အဲဒီကြေငြာစာတမ်းကို ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေရဲ့အိမ်မှာပဲ ဒီကြေငြာချက်ကို ဒေါ်အောင်ဆန်းစုကြည်ထံ လွှဲအပ်ခဲ့တယ်။ ဒီတာဝန်ကို ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ထမ်းဆောင်ပါဆိုပြီး။ ဒီအခြေအနေတွေ အားလုံးကို အခုချိန်မှာ ကျွန်တော်တို့ မြန်မြန်ဆန်ဆန် လုပ်တယ်။

ပါတီတစ်ခုကနေရွေးကောက်ပွဲမှာ ၈၀ရာခိုင်နူန်းကျော်နိုင်ဖို့ဆိုတာ ရွေးကောက်ပွဲတိုင်းမှာ မဖြစ်နိုင်ဘူး။ ဒီရထားတဲ့အခွင့်အရေးဟာ ဖွဲ့စည်းပုံဥပဒေပြင်ဖို့ဆိုရင် ၇၅ရာခိုင်နူန်း မဲရဖို့ကြိုးပမ်းရမယ့် အခြေအနေမှာ ကျွန်တော်တို့ ၂၀လောက်ကို ကြိုးပမ်းရမယ်။ တပ်မတော်သားတစ်ယောက်ရဖို့ ကြိုးပမ်းရမယ်။ ဒီအခြေအနေ အချိန်ကာလတစ်ခုကို ရနိုင်ဖို့အခွင့်အလမ်းဟာ အလွန်နည်းတယ၊် နောက်၂၀၂၀ရွေးကောက်ပွဲမှာ အခုလောက် လူတွေအများကြီး မဖြစ်နိုင်ဘူး။ ဖြစ်နိုင်ခဲ့အောင် ကြိုးစားကြဖို့အတွက်တော့ အစွမ်းကုန် ကျွန်တော်တို့ ပြင်ဆင်နေကြတယ်။ ရွေးကောက်ပွဲတိုင်းရွေးကောက်ပွဲတိုင်း ဒီမိုကရေစီစနစ်ကို ဖြတ်သန်းလာခဲ့ကြတဲ့ ရွေးကောက်ပွဲတိုင်း အခြေအနေတိုင်းဟာ အုပ်ချုပ်ရေးအာဏာကိုရယူထားတဲ့ လူတိုင်းအပေါ်မှာ ဆောင်ရွက်မှုတွေအားလုံးကို တအားအကောင်းကြီးအားလုံးဟာ လိုချင်ကြတယ်။ တကယ်မြေပြင်မှာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ဖို့ရာအတွက် အိမ်တစ်အိမ်ချမ်းသာဖို့အတွက်တောင် တော်တော်ရုန်းကန်ရပါတယ်၊ နိုင်ငံတစ်နိုင်ငံချမ်းသာပြီး ဘက်ပေါင်းစုံ အခြေခံအဆောက်အအုံတွေဖြစ်ဖို့ ကျွန်တော်တို့ တော်တော်လုပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ကျွန်တာ်တို့ဟာ ခက်ခဲပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အခုရထားတဲ့ ရောက်နေတဲ့ အခြေအနေမှန်ကိုသိပြီး ရထားတဲ့ အခြေအနေကနေ ရနိုင်တဲ့ ပြည်သူလူထုအတွက ်အကောင်းဆုံး Rights တွေကို ဘယ်လို ဖန်တီးပေးနိုင်လဲဆိုတာ အမြန်ဆုံးအကောင်ထည်ဖော်ဖို့ လိုအပ်ပါမယ်။

ဒီထဲမှာ အခုကိုအောင်ဒင်ကနေစပြီး ကြိုးပမ်းလာတဲ့ ဒီပွဲမျိုးလေးတွေဟာ အလွန်အင်မတန်ကို ကောင်းပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ၊ ကျွန်တော်တို့နဲ့အတူ ဖြတ်သန်းခဲ့တဲ့သူတွေအတွက် ဒီနေရာဟာ အခွင့်အလမ်းတွေဖြစ်ပါတယ်။ ဒီမှာ ကျွန်တော်တို့ အခုလိုမျိုးလုပ်ရင် လာလိုက်တဲ့အချိန်မျိုးမှာ ကျွန်တော်တို့ စုစည်းခွင့်စုံတွေ့ခွင့်ရတယ်။ ဒီမှာရှိတဲ့သူတွေရဲ့ ပြောစကားအသံကို အမှန်တိုင်ပြောရင် နားထောင်ချင်ပါတယ်။ ကျွန်တော်တို့ပြောတာက ဖြစ်နေတဲ့အခြေအနေကို ရှင်းပြတာပဲဖြစ်ပါတယ်။

အသံတွေကို နားထောင်လို့ရရင် ဒီအသံတွေထဲကဘာတွေကို ပြုပြင်ပြောင်းလဲပြီး လုပ်သင့်တယ်ဆိုတာမျိုး သိနိုင်ပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့လုပ်နေတဲ့ အခြေအနေတွေအကုန်လုံးကို ဒီမှာရှိတဲ့လူတွေ အကုန်မသိနိုင်ပါဘူး။ ကျွန်တော်တို့ အခုလို တွေ့ပြီး ပြောပြလို့ ရပါတယ်။ ဘာကြောင့်ပြောပြလဲဆိုတော့ ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေကို ပြောပြနိုင်စရာ မရှိတဲ့ ကိစ္စမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ထဲမှာ လုံခြုံရေးဝန်ကြီးလိုဟာမျိုး အစိုးရအဖွဲ့အတွင်းရေးမှူးဆိုတဲ့ ပြည်ထဲရေးဝန်ကြီးဌာနလိုဟာကနေ တပ်ကနေ အသွင်ကူပြောင်းလာတဲ့သူတွေတောင် ကျွန်တော်တို့ ပြောနိုင်သေးတာ ကျွန်တော်တို့အချင်းချင်းကြားမှာ ဘာမှမပြောနိုင်စရာအကြောင်း မရှိဘူး။ ဒါ ကျွန်တော်တို့အားလုံးကို ပွင့်ပွင့်လင်းလင်းနဲ့ ပွင့်လင်းမြင်သာစွာ ပြောလို့ရပါတယ်။ ဒါပေမယ့် လူအများကြီးကြားမှာ အခုလိုမိုက်ကိုင်ပြီး ပြောနိုင်တဲ့ ကိစ္စရှိသလို ဒီလို စကားဝိုင်းတစ်ဝိုင်းမှာ ထိုင်ပြီး ပြောသင့်တဲ့ အခြေအနေလိုမျိုး ကွာခြားချက်ရှိနိုင်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်က ဒီနေ့ပွဲကို ကိုအောင်ဒင်လုပ်တဲ့ပွဲဟာ ကောင်းမွန်ပါတယ်။ ဒီပွဲနဲ့ ပတ်သတ်ပြီး USAID ကနေပြီးတော့ ကူညီပေးတဲ့အတွက် မျိုးဆက်တွေကြားထဲမှာ မျိုးဆက်အဆက်ဆက်ပေါ့ နိုင်ငံရေးအကျဉ်းသား မျိုးဆက်အဆက်ဆက်တွေ အခု တာဝန်ယူနေကြတဲ့သူတွေကြားမှာ အခွင့်အလမ်းတွေပေါ်လာတယ်။ ဒီအခွင့်အလမ်းတွေဟာလည်း ကျွန်တော်တို့ မိမိရရစုပ်ကိုင်ပြီး ကျွန်တော်တို့ နိုင်ငံလူအခွင့်အရေးနဲ့ ဒီမိုကရေစီရှင်သန်နိုင်ဖို့ ဒီမိုကရေစီတည်ဆောက်နိုင်ဖို့ဆိုတဲ့ အပိုင်းတွေမှာ အထောက်အကူပြုလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ ရှေ့ဆက်သွာတဲ့ခရီးလမ်းမှာလည်း ကျွန်တော်တို့ Generation အဆက်ဆက်တွေနဲ့ ဆွေးနွေးချင်ပါတယ်။ ကျွန်တော်တို့ ကြားချင်ပါတယ်။ ကျွန်တော်ရှေ့ကပြောသလို ကျွန်တော်တို့မှာ အချိန်မရှိဘူးဆိုပေမယ့် အချိန်ကိုရအောင် ဖန်တီးရမှာပဲ ဖြစ်ပါတယ်။

ဘာလို့လဲဆို ကျွန်တော်တို့ ဒီအချိန်နဲ့ ပတ်သက်ပြီး ရွေ့ပြီးတည်ဆောက်မယ်ဆိုရင် ကျွန်တော်တို့အားလုံး စုံနိုင်မယ့် အခြေအနေတစ်ခု ရှိနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ ရှိနေတာက ဘာလဲဆိုရင် ကျွန်တော်အုပ်ချုပ်ရေးတာဝန်ကို ဆောင်ရွက်ခွင့်ရတယ်။ ဒါဟာ တာဝန်တစ်ရပ်ကို ဆောင်ရွက်ခွင့်ရတယ်။ ဒီတာဝန်တစ်ရပ်မှာ လုပ်နိုင်တဲ့ နယ်ပယ်တွေ ရှိပါတယ်။ ဒီလုပ်နိုင်တဲ့နယ်ပယ်တွေကို ဒီမိုကရေစီအင်အားစုတွေဘက်က နိုင်ငံရေးအကျဉ်းသားတွေဘက်က ကျွန်တော်တို့ ပြည်သူလူထုတွေဘက်က လိုအပ်တဲ့ထောင့်ရှိမယ်ဆိုရင် ကျွန်တော့်ကို လွှဲအပ်ထားတဲ့ တာဝန်ဟာ ဒီတာဝန်ပဲဖြစ်ပါတယ်၊ ကျွန်တော် လုပ်ပေးနိုင်ပါတယ်။ ဒီလုပ်ပေးနိုင်တဲ့ အခြေအနေကို ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ ညီညွှတ်အောင် ကျွန်တော်တို့အားလုံး တိုင်ပင်ဆွေးနွေးကြမယ်ဆိုရင် တွေ့ဆုံမှုတွေဟာ ကျွန်တော်တို့နိုင်ငံအတွက် အများကြီးရလာဒ်ကောင်းတွေ ရလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ မျှော်လင့်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ခဲ့မှုအတွက်ကိုလည်း ဖြစ်နိုင်ဖို့အတွက် ဝိုင်းဝန်းကူညီပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း နိုင်ငံရေးအကျဉ်းသားတွေ ဒီမှာနယ်ပယ် အသီးသီးက လှုပ်ရှားဆောင်ရွက်နေသူတွေ အားလုံးရဲ့ အခက်အခဲအသီးသီးကို သိမယ်ဆိုရင် အားလုံးကို ပုံဖော်မဆောင်ရွက်ပေးနိုင်သေးရင်တောင်မှ ဆောင်ရွက်နိုင်တဲ့ ကျွန်တော်တို့ ရထားတဲ့နယ်ပယ်ထဲကနေ အကောင်းဆုံး အခြေအနေတွေကို ဖန်တီးဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော့် အနေနဲ့ ယုံကြည်ပါတယ်။ အခုလို ဆုံတွေ့ခွင့်ရတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly