ဟင်္သာတမြို့ စျေးများစစ်ဆေးရာတွင် နနွင်းမှုန့်တွင် ဆိုးဆေးသုံးစွဲထားမှု တွေ့ရှိ

ဟင်္သာတမြို့ စျေးများစစ်ဆေးရာတွင် နနွင်းမှုန့်တွင် ဆိုးဆေးသုံးစွဲထားမှု တွေ့ရှိ

ဟင်္သာတ၊ ဇူလိုင် ၁၁ ။              ။ ဟင်္သာတမြို့၊ဈေးများတွင် ရောင်းချသည့် နနွင်းမှုန့် များတွင် တားမြစ်ထားသည့် အော်ဒါမင်းအို ဆိုးဆေးများတွေ့ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတိုင်းတာဝန်ခံ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာပြည်ဖြိုးက ပြောသည်။

“နနွင်းမှုန့်တစ်ခုမှာ အော်ဒါမင်းအို ဆိုးဆေးသုံးစွဲထားတာကို တွေ့ရတယ်၊ ပဲပြားထုတ်လုပ်တဲ့နေရာကို သွားပြီးသေချာအောင် ပြောတယ်။ တစ်လပိတ်သိမ်းဖို့ စည်ပင်သာယာရေးနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ညှိနှိုင်းပြီးဆောင်ရွက်ခဲ့ပါတယ်။ ပဲသွေးက ဟင်္သာတမှ ထုတ်တာမဟုတ်ဘူး။ ရန်ကုန်တဆင့် ယူရောင်းတာဆိုတော့ ရန်ကုန် FDAနဲ့ ချိတ်ဆက်ပြီး   ဆောင်ရွက်နေပါတယ်၊ နနွင်းမှုန့် နမူနာက အဲဒီအချိန်တုန်းက ချက်ခြင်းမစစ်နိုင်ပါဘူး၊ ဒီနေ့မှ အဖြေရတာပါ။ အများပြည်သူ သုံးစွဲရန် မသင့်ဘူးဆိုတော့ ထပ်လိုက်မှာပါ”ဟုဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန တိုင်းတာဝန်ခံဒေါက်တာပြည်ဖြိုးက ပြောသည်။

ဇူလိုင်လ ၆ ရက်နေ့တွင် ဟင်္သာတမြို့ ပဒေသာဈေး၊ဌေးဝင်းဈေး၊ဝါးတန်းဈေးများတွင် FDA မှ အခြေခံစားသောက်ကုန်များ ဈေးကွက်နမူနာကောက်ယူခဲ့ပြီး ပဲပြားတံဆိပ် ၄ ခု ၊ ပဲသွေး ၂ ခုတွင် ဖော်မလင်တွေ့ရှိရပြီး၊နနွင်းမှုန့်တစ်ခုတွင် အော်ဒါမင်းအို ပါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

 ပဲပြားနှင့်ပဲသွေးမှာ ချက်ချင်းစစ်ဆေး၍ ရသဖြင့် စစ်ဆေးခဲ့ရာ ကြယ်တံဆိပ်၊ V တံဆိပ်ရယ်၊ T တံဆိပ် ပဲပြားများ၊ တံဆိပ်မပါသော ပဲသွေးများတွင် တွေ့ရှိခဲ့ရခြင်း ဖြစ်ပြီး ဈေးထဲမှ ပဲပြားများအားလုံး သိမ်းဆည်းခဲ့သည်ဟု သိရသည်။

"ချက်ချင်းစစ်လို့ရတဲ့ အစားအသောက်တွေကို စစ်တဲ့အခါမှာ ပဲပြားနမူနာသုံးခုနှင့် ပဲသွေး နမူနာနှစ်ခု မှာ ဖော်မလင်ဆိုတဲ့ သုံးစွဲခွင့်မပြုတဲ့ ဆေးတွေ စစ်ဆေးတွေ့ရှိခဲ့ပါတယ်၊ပဲပြား နမူနာသုံးခုမှာ ကြယ်တံဆိပ်ရယ် Vတံဆိပ်ရယ်၊T တံဆိပ်ရယ်ဖြစ်ပြီးတော့ ပဲသွေးနမူနာတွေမှာ တံဆိပ်မပါပါဘူး ရန်ကုန်ကယူရောင်းတယ်လို့ သိရပါတယ်။ အဖြေရပြီး ဈေးထဲမှာရှိတဲ့ ပဲပြားတွေ အကုန် သိမ်းဆည်းခဲ့ပါတယ်”ဟု အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဒေါက်တာမျိုးထွန်းကျော်က ဇူလိုင်လ ၆ရက်နေ့တွင် ဈေးကွက်နမူနာ ကောက်ယူစစ်ဆေးပြီး မဇ္ဈိမသို့ ပြောထားသည်။

ပဲပြားအတုံးပေါင်း ၇၀၀ ကျော် သိမ်းဆည်းပြီး၊ ပဲပြားကြိတ်စက်ရုံများကို တစ်လပိတ်သိမ်း အရေးယူမည် ဖြစ်ကြောင်း သိရသည်။

“လူတွေကြားဖူးနေကျဖြစ်တဲ့အတိုင်း လူသေတွေမှာ မပုပ်မသိုးအောင် အများဆုံးသုံးကြပါတယ်၊ ဖော်မလင်ကို ရေရှည်စားသုံးမယ်ဆိုရင် ကျန်းမာရေးဆိုင်ရာပြဿနာတွေအများဆုံးဖြစ်နိုင်ပါတဲ့ ဥပမာအားဖြင့်အစာအိမ်အူလမ်းကြောင်းရောဂါတွေ၊အသည်းရောဂါတွေနောက်ဆုံးကင်ဆာအထိဖြစ်စေနိုင်ပါတယ်။ ဒါအပြင့်နောက်ဆုံး ကိုယ်ဝန်ဆောင်မိခင်တွေ ဖော်မလင်ကို နည်းနည်းနဲ့ ရေရှည်စားသုံးဖြစ်မယ်ဆိုရင် သူတို့မွေးလာမယ် သန္ဓေသားတွေမှာ မွေးရာပါချို့ယွင်းချက်တွေ အများကြီးဖြစ်စေပါတယ်”ဟု ဖော်မလင် စားသုံးလျှင်ဖြစ်နိုင်သည့် ဆိုးကျိုးများအား ဒေါက်တာမျိုးထွန်းကျော်က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required