ကြိုးပြတ်မျောသော သစ်လုံးများတိုက်မိပြီး သစ်ဖောင်တွဲမော်တော် ဝမ်းဗိုက်ပေါက်

ကြိုးပြတ်မျောသော သစ်လုံးများတိုက်မိပြီး သစ်ဖောင်တွဲမော်တော် ဝမ်းဗိုက်ပေါက်
ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

ရန်ကုန်၊ ဇူလိုင်လ ၁၁ ။             ။ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာတွင် ရေစီးအားကြောင့် ကျွန်းသစ်လုံးများ ကြိုးပြတ်ပြီး မျောကာ သစ်ဖောင်တွဲမော်တော်ဝမ်းဗိုက်အား တိုက်မိသဖြင့် မော်တော်မှာ သစ်လုံးများနှင့်အတူ မျောပါသွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဇူလိုင်လ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၁ ရက်၊ နေ့လည် ၁၂ နာရီ၊ ၁၅ မိနစ်အချိန့်ခန့်က မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာနေ ဦးမျိုးဝင်းဆိုသူ ပိုင်ဆိုင်သော "သူရိန်မျိုးဝင်း" သစ်ဖောင်တွဲမော်တော် နှစ်စီးမှာ ကသာမြို့ရှိ ဒေါ်ကစင်း သစ်ဆိပ်မှ စစ်ကိုင်းမြို့၊ မြန်မာ့သစ်လုပ်ငန်းသို့ပို့ရန် ကျွန်းသားအလုံးရေ ၁၄ဝဝ ခန့် တင်ဆောင်လာပြီး ဝါး ချက်ဆေးရုံအနီး သစ်ဆိပ်တွင် စောင့်ဆိုင်းနေစဉ် ရေစီးအားကြောင့် သစ်ကြိုးမှာပြတ်ထွက်သွားကာ သစ်လုံး များ ရေစီးထဲ မျောပါခဲ့ခြင်းဖြစ်သည်။

အဆိုပါမျောပါသွားသော သစ်လုံးများတိုက်မိသဖြင့် "သူရိန်မျိုးဝင်း" သစ်ဖောင်တွဲမော်တော်တစ်စီးမှာ ဝမ်းဗိုက် ပေါက်သွားကာ သစ်လုံးများနှင့်အတူ မင်းလမ်းရပ်ကွက်၊ ကမ်းနားလမ်း၊ "3 Colour" လ္ဘက်ရည်ဆိုင် နှင့် မင်းလမ်းကြားသို့ မျောပါသွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့သို့ သစ်လုံးများတိုက်မိကာ သစ်ဖောင်တွဲမော်တော်ပါ ရေစီးဖြင့် မျောပါသွားသည်ဆိုသော သတင်းအရ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်နိုင် ဦးဆောင်ပြီး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ သွားရောက် ကယ် ဆယ်ခဲ့ ရာ လူထိခိုက်ဒဏ်ရာမရရှိကြောင်း သိရသည်။

လက်ရှိတွင် မီးသတ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ရေစီးတွင် မျောပါနေသော သစ်လုံးများအား ဆယ်ယူလျက်ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly