မန်ယူအသင်းဖော်များနှင့်လူကာကူ လေ့ကျင့်ခန်းစတင်ပြုလုပ်၊ ကျောနံပါတ် ၉ ၀တ်ဆင်မည်

မန်ယူအသင်းဖော်များနှင့်လူကာကူ လေ့ကျင့်ခန်းစတင်ပြုလုပ်၊ ကျောနံပါတ် ၉ ၀တ်ဆင်မည်

ဇူလိုင် ၁၁၊ အမေရိကန် ။                   ။ မန်ယူအသင်း၏တိုက်စစ်မှူးသစ်လူကာကူသည် အမေရိကန်နိုင်ငံသို့ရောက်ရှိလာသည့် မန်ယူအသင်းနှင့်ပူးပေါင်းကာ ပထမဆုံးလေ့ကျင့်ခန်း အစီအစဉ်ကို   လော့စ်အိန်ဂျယ်လိစ်၏နေရောင်အောက်တွင် ပြုလုပ်ခဲ့သည်။

မန်ယူအသင်းရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် လူကာကူသည် တရားဝင်လက်မှတ်ရေးထိုးပွဲပြုလုပ်ခဲ့ပြီး မန်ယူတီဗီနှင့် ပထမဆုံးအင်တာဗျူးပြုလုပ်ခဲ့သည်။

မန်ယူအသင်းသို့ပြောင်းရွှေ့ခဲ့ရာတွင် ပေါ့ဂ်ဘာ၏အခန်းကဏ္ဍမှာ အလွန်အရေးပါခဲ့သည်ဟု လူကာကူက ဝန်ခံခဲ့သည်။

'ပေါ့ဂ်ဘာက ကျွန်တော့်ရဲ့သူငယ်ချင်းကောင်းတစ်ဦးပါ။ အိမ်နီးနားချင်းကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ အားလပ်ရက်တွေဆို ကျွန်တော်တို့အမြဲတမ်းအတူတူရှိခဲ့ကြပြီး ကျွန်တော့်အနေနဲ့ ဘယ်လိုလုပ်သင့်တယ်ဆိုတာကို ပေါ့ဂ်ဘာက အကြံပေးခဲ့ပါတယ်။

မန်ယူကို သူပြောင်းခဲ့တဲ့ အခြေအနေတွေက သက်သေခံနေပါတယ်။ ဒါကပဲ ကျွန်တော့်ကို ဉာဏ်အလင်းပွင့်သွားစေပါတယ်။ တစ်နေ့မှာ အဲ့ဒီလိုအခွင့်အရေးရလာခဲ့ရင် ကျွန်တော် no လို့ ပြောမိမှာမဟုတ်ဘူးဆိုတာ သိထားခဲ့ပြီးသားပါ' ဟု လူကာကူက ဆိုသည်။

ထို့အပြင် လူကာကူက မန်ယူတွင် ကျောနံပါတ် ၉ ဂျာစီကို ဝတ်ဆင်မည်ဟု ဆိုသည်။ ထိုနံပါတ်မှာ ၎င်းဘယ်လ်ဂျီယံလက်ရွေးစင်အသင်းတွင် ဝတ်ဆင်သည့်နံပါတ်ဖြစ်သည်။ 'အမြဲတမ်းကျွန်တော် နံပါတ် ၁၀ ကို ဝတ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အမေရဲ့မွေးလ ဖြစ်လို့ပါ။ အခုတော့ ၉ ကို ဝတ်ပါမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က တိုက်စစ်မှူးဖြစ်လို့ပါ။ အီဗရာဟီမိုဗစ်ဆီကလည်း ခွင့်ပြုချက်ရပြီးပါပြီ။ သူ့ကိုလည်း ကျေးဇူးတင်ပါတယ်' ဟု ဆိုသည်။

၁၉၉၃ ခုနှစ်က စတင်ပြီး မန်ယူအသင်းတွင် ကျောနံပါတ် ၉ ဂျာစီကို ဘရိုင်ယန်မက်ကလဲယား၊ အင်ဒီကိုးလ်၊ ဆာဟာ၊ ဘာဘာတော့ဗ်၊ ဖယ်လ်ကာအို၊ မာရှယ်နှင့် အီဗရာဟီမိုဗစ်တို့ကဝတ်ဆင်ခဲ့ကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required