ရာဇဝတ်မှုနည်းပါးကာ ထောင်သားမရှိ၍ ပိတ်ထားရသော နယ်သာလန် အကျဉ်းထောင်များကို ဟိုတယ်များ၊ ခန်းမများအဖြစ် ငှားရမ်းရောင်းချ

ရာဇဝတ်မှုနည်းပါးကာ ထောင်သားမရှိ၍ ပိတ်ထားရသော နယ်သာလန် အကျဉ်းထောင်များကို ဟိုတယ်များ၊ ခန်းမများအဖြစ် ငှားရမ်းရောင်းချ

အမ်စတာဒမ်၊ ဇူလိုင် ၁၀ ။       ။ နယ်သာလန်နိုင်ငံအတွင်းက အခြားအကျဉ်းထောင် ဒါဇင်များစွာကဲ့သို့ အကျဉ်းသားကင်းမဲ့နေသည့် ဘရီဒါမြို့က အမိုးခုံးသဏ္ဍန် အကျဉ်းထောင်သည် ယခုတွင် တိတ်ဆိတ်မှုများ အဆုံးသတ်ခဲ့ပြီဖြစ်သည်။

နိုင်ငံတွင် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း မှုခင်းဖြစ်ပွားသည့်နှုန်း နည်းပါးလွန်းခြင်းနှင့် ပြစ်ဒဏ်ပေးသည့် အယူအဆမူဝါဒ ပြောင်းလဲခဲ့ခြင်းတို့အားဖြင့် ပြစ်မှုကြောင့် ထောင်ကျမည့် အကျဉ်းသား မရှိဖြစ်ခဲ့ရာ ၂၀၁၄ ခုနှစ်အတွင်း အကျဉ်းထောင်တော်တော်များများကို ပိတ်ထားခဲ့ရသည်။

ထိုသို့ ပိတ်ခဲ့ရသည့် အကျဉ်းထောင်များတွင် နိုင်ငံတောင်ပိုင်းက လွန်ခဲ့သော နှစ် ၁၈၀ ခန့်က တည်ဆောက်ခဲ့သည့် ဘရီဒါအကျဉ်းထောင် ပါဝင်ပြီး ယခုတွင် ယင်းအကျဉ်းထောင်မှာ ရုံးခန်းနှင့် ဖျော်ဖြေရေးခန်းမအဖြစ်သို့ ပြောင်းလဲခဲ့ပြီဖြစ်သည်။

ထိုသို့ အကျဉ်းသားမဲ့ ထောင်များကို ဟိုတယ်များအဖြစ်သို့လည်း ပြောင်းလဲခြင်းများ ရှိခဲ့သည်။ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော အမ်စတာဒမ်မြို့ အပြင်ဖက်ရှိ Het Arresthuis အကျဉ်းထောင်သည်လည်း ဇိမ်ခံဟိုတယ်တစ်လုံးအဖြစ် ပြောင်းလဲခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်းမှစကာ နယ်သာလန်က အကျဉ်းထောင်များကို ပိတ်ခဲ့ရသည်မှာ ၂၇ ခုအထိ ရှိပြီး လက်ရှိတွင် အကျဉ်းထောင် ၃၈ ခုသာ ဖွင့်ထားဆဲဖြစ်သည်။

ထို ပိတ်သိမ်းအကျဉ်းထောင်များအနက် ခြောက်ခုကို ယူရိုငွေ ၂၀ ဒဿမ ၇ သန်းဖြင့် ရောင်းချခဲ့ပြီး ကျန်ထောင်များကို ငှားရမ်းချထားပေးကာ တစ်ခါတစ်ရံ နိုင်ငံရေးခိုလှုံသူများအတွက် စင်တာများအဖြစ် သုံးလျက်ရှိသည်။ ထိုငှားရမ်းခ စုစုပေါင်းမှာလည်း ယူရိုငွေ ၁၈ သန်းနီးပါး ရရှိနေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly